လူဦးရေ တစ်ထောင်နီးပါးရှိသည့် မြောက်ဦးမြို့ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရ

လူဦးရေ တစ်ထောင်နီးပါးရှိသည့် မြောက်ဦးမြို့ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရ

လူဦးရေ တစ်ထောင်နီးပါးခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် မိုးပြင်းထန်စွာရွာသွန်းပြီး ဒီရေတက်လာမှုကြောင့် ရေကြီးရေလျှံပြီး စခန်းနေစစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် သွားလာရေးများ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ကိုဗစ်ကာလဖြစ်နေသည့်အချိန်တွင် စခန်းကိုပါ ရေတက်လာပြီး နစ်မြုပ်နေသည့်အတွက် စားဝတ်နေရေးအခက်အခဲ၊ ဆေးဝါးမလုံလောက်မူအကျပ်တည်း၊ သွားလာရေးအခက်အခဲများဖြင့် ရင်ဆိုင်နေကြောင်း ၎င်းစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးမောင်သာကျော်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“စခန်းမှာ ရေကြီးနေတာကတော့ နှစ်ရက်ကျော်လောက်ရှိနေပြီ။ ရေက တစ်ရက်လုံးပြည့်နေပါတယ်။ လမ်းတောင်မပေါ်ဘူး၊ မြုပ်နေတယ်။ ချောင်းရေတွေတိုးလာတာကြောင့်တစ်မျိုး၊ မိုးများတာကြောင့်တစ်မျိုး၊ ရေတွေကြီးလာတာပါ။ အိမ်ပေါ်ကြမ်းခင်းတွေထိတောင် ရေကတက်လာတယ်။ နေရေးထိုင်ရေးတွေက အရမ်းခက်ခဲနေတယ်။ အိမ်ပေါ်တွေထိတောင် ရေကရောက်လာတယ်ဆိုတော့ ပစ္စည်းတွေကိုရွှေ့ပြီး လူက နေစရာလည်းမရှိဘူးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

ယင်းစခန်းတွင် ယခင်နှစ်က ရေကြီးမှုများရှိခဲ့သော်လည်း ယခုနှစ်လောက် ရေကြီးမှုမရှိခဲ့ဟု သူကဆက်ပြောသည်။

၎င်းစခန်းတွင် ကိုဗစ်ရောဂါကြောင့်လည်း အသွားအလာကန့်သတ်ထားမှုများလည်း ရှိနေသဖြင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေကြောင်း၊ လူကယ်ပြန်က ဆန်တစ်လစာ ထောက်ပံ့ပေးထားသော်လည်း လကုန်ချိန်ဖြစ်၍ ရိက္ခာပြတ်လပ်ခါနီးပြီဖြစ်ကြောင်း စခန်းရှိ စစ်ဘေးရှောင်များက ပြောသည်။

“ကိုဗစ်ကြောင့် ရွာတွေကိုလည်း အသွားအလာပိတ်ထားတော့ လိုအပ်တဲ့ ငါး၊ ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ အခက်အခဲဖြစ်ရတယ်။ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်တို့လည်း ကုန်နေပြီ၊ သွားဝယ်ဖို့ကလည်း အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်တို့စခန်းမှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားတယ်။ ဘဏ်အခက်အခဲတွေ၊ WAVE MONEY အခက်အခဲတွေကြောင့်လည်း WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကထောက်ပံ့ငွေလည်း ထုတ်မရဘူး။ တော်တော်လည်း ကျပ်တည်းဆင်းရဲဒဏ်ကို ခံစားနေရတယ်” ဟု စခန်းတာဝန်ခံ ဦးမောင်သာကျော်က ဆက်ပြောသည်။

ယင်းကုလားချောင်းကျေးရွာ စစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့ မြောက်ဘက်တွင်တည်ရှိပြီး စခန်းတွင် ရွာပေါင်း ၁၅ ရွာမှ စစ်ဘေးရှောင်သူဦးရေ ၉၆၃ ဦးနှင့် အိမ်ထောင်စု ၁၆၂ စုရှိကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...