စစ်လက်နက်ပစ္စည်း ပေးသွင်းထောက်ပံ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာစစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်နေဟုဆို

စစ်လက်နက်ပစ္စည်း ပေးသွင်းထောက်ပံ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာစစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်နေဟုဆို

ရုရှားသည် စစ်လေယာဉ်များအပါအဝင် အကြီးစား စစ်လက်နက်ပစ္စည်းများ ပေးသွင်းထောက်ပံ့ရန်အတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့်အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင် Rosoboronexport လက်နက်ကုမ္ပဏီ၏ အကြီးအကဲ အလက်ဇန္ဒား မစ်ခိဗ်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားကြောင်း ရုရှားအခြေစိုက် Interfax သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

မော်စကိုသည် နှစ်ဘက်အကြား ခရီးစဉ်များ၊ လက်နက်သ‌ဘောတူညီချက်များ ဆက်ရှိနေစေခြင်းအားဖြင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုကို တရားဝင်ဖြစ်စေအောင်လုပ်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။

မြန်မာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့သည့်လက ရုရှား၏မြို့တော်သို့ သွားခဲ့သည့် ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာ‌ဂေးရွှိုင်ဂူက မော်စကိုအနေဖြင့် မြန်မာစစ်တပ်နှင့်အကြား စစ်ဘက်ဆိုင်ရာဆက်ဆံမှု အားကောင်းစေရေးအတွက် ဆုံးဖြတ်ထားဟု ပြောခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့ပြီး ရုရှား၏ နှစ်စဉ်ကျင်းပနေကျ MAKS လေကြောင်းပြပွဲ ဘေးပန်းပြင်ပတွင် လက်နက်ကုမ္ပဏီ Rosoboronexport ၏ အကြီးအကဲ အလက်ဇန္ဒားမစ်ခိဗ်က ပြောကြားရာတွင် အရှေ့တောင်အာရှတွင် မြန်မာသည် Rosoboronexport ၏ အဓိကဖောက်သည်တစ်ဦးဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံပိုင် လေကြောင်းနှင့် ကာကွယ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် Rostec ၏ အဓိကပါတနာ ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းက နောက်ထပ် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများသည် မကြာသေးခင်က နှစ်များအတွင်း ကြီးထွားထားခဲ့ပြီး မော်စကိုသည် အနောက်နိုင်ငံအချို့ အမည်ပျက်စာရင်းသွင်းထားသည့် မြန်မာစစ်တပ်ကို လက်နက်များရောင်းချခြင်း၊ စစ်သားထောင်နှင့်ချီတို့ကို စစ်ဘက်ဆိုင်ရာ သင်တန်းများနှင့် တက္ကသိုလ် စကောလားရှစ်များ ပေးအပ်ခြင်းတို့ လုပ်ဆောင်ထားခဲ့သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...