မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်

မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်

မွန်သမိုင်း သုတေသနပေါင်းများစွာ ပြုစုရေးသားခဲ့သူ သုဝဏ္ဏဘူမိမြို့ဟောင်းကို တူးဖော်ခဲ့သည့် မွန်သမိုင်း သုတေသနပညာရှင် ယဉ်ကျေးမှုဝန်ကြီးဌာန အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ်သည် ယမန်နေ့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဆရာကြီးဦးစံဝင်း ကွယ်လွန်ခြင်းသည် မွန်လူမျိုးတို့အတွက် အစားထိုးမရသော သုတေသနပညာရှင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် သမိုင်းနှင့်ပတ်သက်၍ အစားထိုးမရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ရန်ကုန် မွန်စာပေယဥ်ကျးမှုကော်မတီ ဥက္ကဌ နိုင်စိုးအောင်က ဆိုသည်။

“ကျနော်တို့ကတော့ အလွန်ပဲ နှမြောတာပေါ့ဗျာ။ ဆရာက ကျနော်တို့ မွန်လူမျိုးအတွက် အင်မတန်မှ အစားထိုးမရတဲ့ သုတေသနပညာရှင်တစ်ယောက်လို့ ပြောရမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအတွက်လည်း သူက သမိုင်းကော်မရှင်အဖွဲ့ဝင်ဆိုတော့လေ မြန်မာနိုင်ငံသမိုင်းအတွက်လည်း အင်မတန်မှ အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ့နော်။ သူက သုတေသနဘက်မှာ အရမ်းအားသန်တယ်” ဟု နိုင်စိုးအောင်က ပြောသည်။

သမိုင်းသုတေသနများကို ကိုယ်တိုင် တစိုက်မတ်မတ် ဦးစီးလုပ်ကိုင်လာသူဖြစ်ပြီး သမိုင်းတူးဖော်ရေးလုပ်ငန်းများကိုလည်း အသက်အရွယ်နှင့်မမျှအောင် လုပ်ဆောင်နိုင်သည်ဟု နိုင်စိုးအောင်က ဆိုသည်။

သူပြုစုရေးသားခဲ့သော သုဝဏ္ဏဘူမိသုတေသန (Research on Suvannabhumi) စာအုပ်ဖြင့် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲများကို ပြည်တွင်းတွင်လည်းကောင်း ထိုင်းနိုင်ငံတက္ကသိုလ်များသို့လည်းကောင်း အကြိမ်ကြိမ် သွားရောက်ဖတ်ကြားခြင်း၊ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏ ယိုးဒယားဝှိုက်၊ ရာမညဒေသ ကျိုက္ကသာမြို့ဟောင်း သုတေသနခရီး၊ Mini Dictionary of Abhidhamma (University of Abhidhamma) စသည့်စာအုပ်များ ရေးသားထုတ်ဝေခဲ့သည့်အပြင် သမိုင်းသုတေသနဆောင်းပါးများစွာ ရေးသားပြုစုခဲ့သူလည်းဖြစ်သည်။

ဆရာကြီးဦးစံဝင်းသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘရွာဇာတိဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး (၇၇ နှစ်) သည်လည်း ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...
March 19, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင်...
March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...