NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းကတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ၅၀၀၀ ကျော်ရှိနေ

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းကတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ၅၀၀၀ ကျော်ရှိနေ

ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ တစ်ရက်ကို ၅၀၀၀ ကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မဇ္စျိမကိုပြောသည်။

Telemedicine (တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု) ကို NLD အစိုးရလက်ထပ် ကိုဗစ်ဒုတိယလှိုင်းအတွင်းကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး ယခုအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလုပ်ဆောင်လာတာဖြစ်ပါတယ်။

“ရောဂါနဲ့ပတ်သက်ပြီး အကြံပေးကုသတာတွေ လုပ်ပေးတယ်။ အောက်ဆီဂျင်လိုရင်တောင် ဘယ်နေရာမှာ ရရှိနိုင်တယ်ဆိုတာကအစ ဆောင်ရွက်ပေးနေတာရှိတယ်။ ချန်နယ်ငါးခုဖွင့်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတာပါ” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကိုဗစ်နဲ့ အခြားရောဂါဝေသနာရှင်တွေကို CDM ဆရာဝန် ၉၀၀ ကျော်နှင့် ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ်ကျောင်းသား ၂၀၀၀ ခန့်က တယ်လီဖုန်းမှတစ်ဆင့် ၂၄ နာရီ ညွှန်ကြားကုသပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီက နှောင့်ယှက်မှုများပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်ကုသမှု လုပ်ငန်းစဉ်အသေးစိတ်ကို ဒေါက်တာဇော်ဝေစိုးက မပြောဆိုလိုပေ။

“အနှောက်အယှက်ပေးနေတဲ့သူတွေက အများကြီးလေ၊ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ တကယ့်လူနာ ဟုတ်/မဟုတ် သေချာစိစစ်ပြီးတော့ ဆောင်ရွက်ပေးနေတယ်။ ဆရာဝန်တွေကတော့ အရမ်းကိုဒုက္ခခံပြီး လုပ်ပေးနေတာပေါ့” ဟု ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ကြိုးပမ်းနေမှုက နီးစပ်နေပြီဖြစ်ပြီး နည်းလမ်းသုံးသွယ်ဖြင့် ဆေးထိုးလို့ရနိုင်ကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိမ်တိုင်ရာရောက် ဆေးကုသပေးနေတဲ့ CDM ဆရာဝန်တွေနှင့် တယ်လီဖုန်းနဲ့ ဆေးကုသမှုပေးနေသည့် ဆရာဝန်တွေကို စစ်ကောင်စီက အကွက်ဆင်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက်အထိ အတည်ပြုလူနာ ၂၃၄၇၁၀ ဦးရှိပြီး သေဆုံးသူ ၅၂၈၁ ဦးရှိကြောင်း သိရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...