မောင်ကျော်စွာ - အရင်းခံစေတနာကလည်း ကြီးမားပြီး ကျယ်ပြန့်တယ်။ စီမံဆောင်ရွက်လုပ်ကိုင်မှုကလည်း စနစ်ကျတယ်။ ဒါ့အပြင် အများပြည်သူကလည်း နှစ်သက်လိုလားပြီး အင်တိုက်အားတိုက် ပါဝင်ကူညီကြတယ်ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို အောင်မြင်မှုတွေ မလွဲမသွေ ရရှိလာနိုင်မှာ အမှန်ပါပဲ။
အဲဒီလို “အရင်းခံစေတနာ - စနစ်ကျတဲ့ စီမံဆောင်ရွက်လုပ်ကိုင်မှု - အများပြည်သူက အင်တိုက်အားတိုက်ပါဝင်ကူညီမှု” ဆိုတဲ့ သုံးနားညီတြိဂံသဖွယ် လုပ်ကိုင်ဆောင်ရွက်မှုမျိုးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီချုပ်ပါ တီအစိုးရက ကိုဗစ် -၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းစဉ် (ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ရင်ဆိုင်ရတဲ့ကာလ) မှာ အထင်အရှား တွေ့မြင်ခဲ့ကြရတယ်။ ဒုတိယလှိုင်းကာလမှာ ပြန့်ပွားမှု ဗဟိုချက်သဖွယ်ဖြစ်လာတဲ့ ရန်ကုန်မြို့ကို စနစ်တကျ ကိုင်တွယ်သွားတာကို မြင်တွေ့ခဲ့ကြရပါတယ်။ မြင့်မားနေတဲ့ ကူးစက်မှုနှုန်းတွေကို တစတစလျှော့ချလာနိုင်ခဲ့ကြတယ်။
အဲဒီလို လုပ်ကိုင်ဆောင်ရွက်မှုနဲ့ ပင်လယ်နဲ့ နွားခြေရာခွက်လို ကွာခြားလွန်းတဲ့ လုပ်ရပ်ကိုတော့ ‘မင်းအောင်လှိုင်-စိုးဝင်း (စကစ) စစ်အုပ်စု’ ရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုကို ကိုင်တွယ်နေတဲ့ မြန်မာပြည်တွင်းက လတ်တလောဖြစ်ရပ်တွေမှာ ပြက်ပြက်ထင်ထင်တွေ့မြင်ကြရပါပြီ။ ပြည်သူတွေအပေါ်ထားတဲ့ စေတနာကလည်း နတ္တိ - စီမံဆောင်ရွက်မှုကလည်း ချာတူးလန်ညံ့ဖျင်း - ပြည်သူကလည်း မယုံကြည်တဲ့အပြင် ရွံရှာမုန်းတီးနေလေတော့ အမြို့မြို့အနယ်နယ်တိုင်းမှာ ပြည်သူတွေ အဖိတ်အစင်တွေ များလွန်းလှပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး - ထိန်းချုပ်ရေး - ကုသရေး ဘက်ပေါင်းစုံမှာ အဖတ်ဆယ်မရအောင် ဖရိုဖရဲ ပြိုလဲကျရှုံးနေတာကို အောက်စီဂျင်ဘူးရဖို့ တန်းစီနေရတဲ့ပြည်သူတွေ - တစ်ရပ်ကွက်လုံးနီးပါး ဖျားနာကူးစက်နေမှုတွေ - အလောင်းတွေနဲ့ စည်ကားနေတဲ့ သုဿာန်တွေက အထင်အရှား သက်သေပြနေပါတယ်။
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ဟာ ပြည်သူတွေအဖို့ သောကမျက်ရည်ပင်လယ်ဝေခဲ့ရပါပြီ။ မင်းအောင်လှိုင်တစ်ယောက် သမ္မတဖြစ်ဖို့ဆိုတဲ့ ပုဂ္ဂလိက အတ္တလောဘကြောင့် အများပြည်သူတွေရဲ့အသက်တွေ အဟောသိကံ ဖြစ်ခဲ့ကြရပါပြီ။ ပရိဒေဝသောကမီးတွေ တစ်ပြည်လုံးအနှံ့ ကြိမ်မီးအုံးသလို တနုံ့နုံ့နဲ့ လှိုက်စွဲလောင်ကျွမ်းနေကြရပါပြီ။ (နအဖ) စစ်အုပ်စုဟာ နာဂစ်မုန်တိုင်း ကပ်ဘေးကြီးဆိုက်တုန်းကလည်း ‘ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုတဲ့အချိုးနဲ့ ပြည်သူတွေရဲ့ သောကဒုက္ခတွေကို လျစ်လျူရှုကျောခိုင်းကာ ၂၀၀၈ အခြေခံဥပဒေကို သွေးအေးအေးနဲ့ အတည်ပြုခဲ့ကြတယ်မဟုတ်ပါလား။
အခုလည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်နှံ့မှုကို အကြမ်းဖက်စစ်ကောင်စီ (စကစစစ်အုပ်စု) လက်နက်သဖွယ် အသုံးချပြီး ပြည်သူတစ်ရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုကို အရှိန်အဟုန်လျော့ကျသွားအောင် လုပ်နေပါတယ်။ ဒီလုပ်ရပ်ဟာ ‘မလုပ်ရဲတာ ဘာမှမရှိ ဘာမဆို လုပ်ရဲတယ်’ ဆိုတဲ့ စစ်အုပ်စုရဲ့ အင်မတန် ရိုင်းစိုင်းယုတ်မာတဲ့ လူမဆန်မှုကို တိုက်ရိုက်ဖော်ပြချက်ပဲဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့ပြည်သူတွေမှာ ပြည်သူအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီကြဖို့၊ သွေးစည်းကြဖို့ကလွဲပြီး အခြားနည်းလမ်းမရှိတော့ပါဘူး။ ကိုယ့်အားကိုယ်ကိုးကြရပါလိမ့်မယ်။ ကြီးမားလှတဲ့ (သဘာဝဘေးနဲ့ လူဖန်တီးတဲ့) အသက်ဘေးအန္တရာယ်ကြီးတွေ ရင်ဆိုင်ကြုံကြရတဲ့အခါ ဒုက္ခရောက်ကြသူအချင်းချင်း အပြန်အလှန် ရိုင်းပင်းစာနာကူညီမှုဆိုတဲ့ ကောင်းမြတ်သော စိတ်ထားနဲ့လုပ်ရပ်တွေတစ်ဖက်မှာ အထင်အရှား ပေါ်လာတတ်သလို အခြားတစ်ဖက်မှာလည်း အများပြည်သူရဲ့ ဒုက္ခနဲ့သောကကို အရင်းပြုပြီး မိမိတစ်ဦးတစ်ယောက် အာဏာတည်မြဲရေးနဲ့ မိမိတစ်ဦးတစ် ယောက် ချမ်းသာကြွယ်ဝရေးအတွက် လက်ရဲဇက်ရဲ အသုံးချဝံ့တဲ့ လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှု စိတ်ထားနဲ့ လုပ်ရပ်တွေလည်း တစ်ပြိုင်နက်ထဲ မြင်တွေ့ရတတ်ပါတယ်။ ကျနော်တို့ဟာ ဒုက္ခရောက်ကြရသူအချင်းချင်း ကျောချင်းကပ်ကြပြီး အဆိုးမှန်သမျှ၊ ရိုင်းစိုင်းယုတ်မာမှုမှန်သမျှကို ရင်ဆိုင်ခုခံ တိုက်ခိုက်ကျော်လွှားကြရမှာပါပဲ။
ဒါကြောင့် လက်တွေ့လက်ငင်း ကပ်ဘေးဒုက္ခကို ရင်ဆိုင်တွေ့ကြုံခံစားနေကြရတဲ့ အများစု ပြည်သူတွေအကြားမှာ လူမျိုး၊ အသားအရောင်၊ ကျား/မနဲ့ ကိုးကွယ်ရာဘာသာ စသဖြင့် ကွဲပြားခြားနားမှုတွေဟာ သိပ်အရေးမကြီးတော့ပါဘူး။ အဲဒီပဋိပက္ခတွေ၊ အဲဒီအစွဲအလန်းတွေကို လောလောဆယ်ဘေးဖယ်ထားကြပြီး တတ်နိုင်သမျှ နည်းလမ်းနဲ့ အပြန်အလှန် မျှဝေကူညီကြဖို့ လိုအပ်ပါတယ်။
ပြီးတော့ ဘယ်လိုရောဂါကပ်ဆိုးကိုမဆို တောရမ်းမယ်ဘွဲ့ အစွဲအလန်းတွေနဲ့ ‘ဥုံဖွ’ ဆိုပြီး ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။ မကုသနိုင်ပါဘူး။ မထိန်းချုပ်နိုင်ပါဘူး။ ဆောင်းပါးအစပိုင်းမှာ တင်ပြခဲ့သလို “အရင်းခံစေတနာ - စနစ်ကျတဲ့ စီမံဆောင်ရွက်လုပ်ကိုင်မှု - အများပြည်သူက အင်တိုက်အားတိုက် ပါဝင်ကူညီမှု” ဆိုတဲ့ သုံးနားညီတြိဂံသဖွယ် လုပ်ကိုင်ဆောင်ရွက်မှုမျိုးနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။
တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ဘက်စုံ (ရေတို - ရေရှည်) အကျိုးစီးပွား စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်ရေးကို ပထမနဲ့ ထိပ်တန်းဦးစားပေးရေးဆိုတဲ့ အခြေခံပေါ်မှာ စနစ်ကျပြီး ကျွမ်းကျင်တဲ့ စီမံလုပ်ကိုင်ဆောင်ရွက်မှုနဲ့ ပြည်သူများက နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ကူညီမှုဆိုတဲ့ သံမဏိယက်မကြီးနှစ်ခုကို တိတိကျကျ ထိထိမိမိ ချိန်ကိုက်ခါကိုက် ပေါင်းစပ်နိုင်ကြဖို့ပါပဲ။ အကြမ်းဖက်စစ်ကောင်စီ (စကစစစ်အုပ်စု) အုပ်စိုးမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ပြည်သူတွေကို ကောင်းကျိုးဘာမှမပေး၊ ဆိုးကျိုးတွေသာ အလီလီပေးနေတဲ့ အန္တရာယ်ကောင်တွေဖြစ်ပါတယ်။ ဒီအန္တရာယ်ကောင်တွေကို ညီညွှတ်နိုးကြားသော ပြည်သူ့အင်အားနဲ့ အကုန်အစင် ချေမှုန်းပစ်ကြပါစို့။







