ဥပဒေကြောင်းအရ သက်သေခိုင်လုံမှုမရှိလျှင် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆို

ဥပဒေကြောင်းအရ သက်သေခိုင်လုံမှုမရှိလျှင် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆို

ဥပဒေကြောင်းအရ သက်သေခိုင်လုံမှုမရှိလျှင် အကြမ်းဖက်မှုနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများကို အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက ဇူလိုင်လ ၁၆ ရက်နေ့က စစ်တွေတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်သည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိသားစုက ဖမ်းဆီးခံထားရသူများ တရားမျှတမှု ရရှိနိုင်ရေးအတွက် ထိုသို့ တောင်းဆိုသွားခဲ့ကြသည်။

ယောကျ်ားဖြစ်သူနှင့်သားဖြစ်သူ နှစ်ဦးစလုံး ဖမ်းဆီးတရားစွဲခံထားရသည့် ကျောက်တော်မြို့နယ် မာလာရွာသစ်ကျေးရွာက ဒေါ်စောသိန်းနုက “ကျွန်မသားလည်းမှာ ကျည်ထိဒဏ်ရာရှိပါတယ်။ ကျည်ကို အခုချိန်အထိ ခွဲမထုတ်ရသေးဘူး။ သူတို့ ခွင့်မပြုလို့လေ။ ကျည်က အဆုပ်နားကို ကပ်နေပြီ။ နောက်ဆို အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မြောက်ဦးဆရာဝန်ကြီးက ပြောတယ်။ ဆေးရုံမှာ ပြခွင့်တော့ရတယ်။ ခွဲစိပ်ကုသဖို့တော့ အခွင့်အရေး မရဘူးလေ။ သားလည်းအတွက် အရမ်းစိုးရိမ်ပါတယ်။ ဘယ်လိုလုပ်ရမှာလဲတောင်မသိတော့။ သူတို့သားဖက အေအေနဲ့ ဆက်စပ်မှုမရှိဘူး။ အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်။ အဒေါ်တို့မိသားစုကို သူတို့သားဖနှစ်ယောက်က လုပ်ကျွေးနေတာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဒေါ်စောသိန်းနု၏ ယောက်ျားဖြစ်သူနှင့် သားဖြစ်သူတို့သည် တစ်ခြားရွာသားနှစ်ဦးနှင့် အတူ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေရာမှ မာလာရွာသစ်ကျေးရွာသို့ အဝတ်များသွားယူဆောင်ပြီး အပြန်လမ်းတွင် စစ်သားများက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခံရရာမှ တစ်ဦးသေဆုံးပြီး ကျန် ၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူမကပြောသည်။

လက်ရှိတွင် ဒေါ်စောသိန်းနုတို့မှ ချွေးမ၊ မြေးများနှင့်အတူ ကျောက်တော်မြို့ မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအခက်အခဲများနှင့် ခိုလှုံနေရသည်ဟု ဆိုသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ မြောက်ဦးခရိုင်တရားရုံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူ ၅၇ ဦးရှိသည့်အနက် ၉ ဦး၏ မိသားစုများက တက်ရောက်ပြီး တောင်းဆိုခဲ့ကြသည်။

၎င်းတို့ ၉ ဦးမှာ ကျောက်တော်မြို့နယ်မှ ‌ကျောက်ဂူကျေးရွာနေမောင်ပိန်အောင် (၃၇ နှစ်)၊ ပန်းပဲတန်းနေ ဦးခင်မောင်သိန်း အသက်(၅၄ နှစ်)၊ မာလာရွာသစ်ကျေးရွာနေ ဒေါ်မချေ အသက် (၆ဝ နှစ်)၊ ပေါက်တောပလောင်ကျေးရွာနေ ဦးကျော်လှိုင် (၃၁ နှစ်)၊ ရုပ်သားကျေးရွာနေ ဦးမောင်ကျော်သန်း (၅၂ နှစ်)၊ လောင်းရှည်ကျေးရွာနေ ဦးမောင်ဇော်ဝမ်း (၃ဝ နှစ်)၊ သရက်အုပ်ကျေးရွာနေ ဦးစိုးကျော်မောင် အသက် (၅၃ နှစ်)၊  မာလာရွာသစ်ကျေးရွာနေ ဦးမဲတုတ်ချေ (၆ဝ နှစ်) နှင့် သားဖြစ်သူ ဦးသန်းထွန်းမောင် (၃၂ နှစ်) တို့ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူ အဒေါ်ဖြစ်သူ ဒေါ်မချေအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပါဝင်သူ ကျောက်တော်မြို့နယ် မာလာရွာသစ်ကျေးရွာနေ ဦးကျော်သောင်းက “အပြစ်မရှိတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးလို့ အပြစ်မရှိရင် လွတ်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော့အဒေါ်ကလည်း ဖမ်းတဲ့အချိန်မှာ အသက်က (၅၉ နှစ်) အခုက အသက် (၆၀) ရှိနေပါပြီ။ ရုံးချိန်းနေ့တွေမှာတွေ့ရင် ခြေတွေလက်တွေထုံကျဉ်ပြီး တုန်လာတယ်လို့ပြောပါတယ်” ဟု ပြောသည်။

တိုက်ပွဲကာလအတွင်း သတင်းအစအနမရဘဲ ပျောက်ဆုံးသွားသည့် အရပ်သား ၂၆ ဦးနှင့် ဖမ်းဆီးခံရပြီး နှိပ်စက်မှုကြောင့် သေဆုံးသူ ၂၄ ဦး အထိ ရှိခဲ့သည်ဟုလည်း ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောဆိုသည်။

“တရားဥပဒေအရဆိုရင် အမှုစစ်က စစ်ဆေးတဲ့အခါ ၁ နှစ်ဆိုသလို ၁ နှစ်ခွဲလောက်ခန့်ကြာလို့ရှိ အမှုကို ဆုံးဖြတ်ပါတယ်။ အခုက အမှုတွေက ၁ နှစ်မကတော့ဘူး။ တချို့ဆိုရင် ၂ နှစ်ရှိသွားပါပြီ။ ဘာမှ ဆုံးဖြတ်ချက်မချဘူး။ တရားခံတွေဘက်က အထူးနစ်နာမှုတွေ ရှိနေပါတယ်။ အဓိကတော့ ကျွန်တော်တို့မှာ အာဏာမရှိဘူး။ ပါဝါမရှိဘူး။ အဓိက ကျွန်တော်အင်အားကတော့ မီဒီယာပါပဲ” ဟု ပြောသည်။

ပျောက်ဆုံးသွားသူများမှာ ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ၁၈ ဦး၊ ကျောက်တော်မြို့မှ ၂ ဦး၊ မြေပုံမြို့နယ် ယောချောင်းကျေးရွာမှ ၂ ဦး၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ ၂ ဦးနှင့် မင်းပြားမြို့နယ် နရမ်းကျေးရွာမှ ၂ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရစဉ် နှိပ်စက်မှုကြောင့် သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ ၇ ဦး၊ မြောက်ဦးမြို့နယ်မှ ၆ ဦးနှင့် မင်းပြားမြို့နယ်မှ ၁၁ ဦးတို့ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ရခိုင်မှာ အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးတရားစွဲခံထားရသူများမှာ အသက် ၂၁ နှစ်နှင့် ၇၀ နှစ် အကြား အရွယ်ရှိသူများဖြစ်ကာ စစ်တွေအကျဉ်းထောင်တွင် ၆၀ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်တွင် ၂၅ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်တွင် ၁၀ ဦး စုစုပေါင်း ၁၅၂ ဦးရှိသည်ဟု သိရသည်။

၄င်းတို့အား စွဲဆိုထားသော ဥပဒေပုဒ်မများမှာ အကြမ်းဖက်မှု ပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (ဈ) နှင့် ၅၂ (က) တို့ဖြစ်ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၁၁ ရက်နေ့ ကြေငြာခဲ့ပြီးနောက် အကြမ်းဖက်မှုပုဒ်မနှင့် တရားရင်ဆိုင်နေသည့် တောင်ကုတ်မှ ဦးဝေသောင်း၊ ဦဇေယျကျော် အပါအဝင် ၄ ဦး လွတ်မြောက်လာခဲ့သည်။

ယင်းနောက်ပိုင်းတွင် အကြမ်းဖက်မှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ်၏ ညီဖြစ်သူကိုအောင်မြတ်ကျော် အပါအဝင် ၁၀ ဦးမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်မှုနှင့် ဖမ်းဆီးခံထားရသူများကိုလည်း သူတို့နည်းတူလွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...