ဆိပ်ခွန်ရွာသား ၄ ဦးကို စစ်ကောင်စီတပ်ပစ်သတ်ပြီး အလောင်းယူသွား

ဆိပ်ခွန်ရွာသား ၄ ဦးကို စစ်ကောင်စီတပ်ပစ်သတ်ပြီး အလောင်းယူသွား

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသားလေးဦးသေဆုံးသွားပြီး အလောင်းများကိုလည်း ယူသွားကြောင်း ဒေသခံများအပြောအရ သိရသည်။

ဇူလိုင်လ ၁၇ ရက် ညသန်းခေါင်အချိန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နှင့် ခုနှစ်မိုင်အကွာ ဆိပ်ခွန်ကျေးရွာ ၁၇ ရပ်ကွက်တွင် ကင်းစောင့်နေသည့် ရွာသားများနှင့် စစ်ကောင်စီ စစ်ကားအကြီးတစ်စီးတို့ ထိပ်တိုက်တွေ့ရာတွင် ရွာသားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများမှာ အသက် ၃၈ နှစ်အရွယ် ကိုသက်စိုး၊ အသက် ၂၀ ကျော်အရွယ် ကိုဌေးလှိုင်ဝင်း၊ အသက် ၃၀ အရွယ် ကိုအောင်ပိုင်ထွေးနှင့်  အသက် ၂၀ ကျော်အရွယ် ကိုအောင်ဟိန်းကျော်တို့ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းတွင် ဆိပ်ခွန်ရွာသားများ ဦးခေါင်းကျည်ဆံထိမှန်သေဆုံးခဲ့သည်ကို စစ်ကောင်စီတပ်ဘက်က အကြောင်းကြားလာသည်။

“မနေ့ညတုန်းက ၁ နာရီဝန်းကျင်အချိန်လောက်မှာ၊ စစ်ကားအကြီးတစ်စီး၊ အသေးတစ်စီးနဲ့ကျွန်တော်တို့ရွာဘက်ကို ဝင်လာတယ်၊ ကျွန်တော်တို့ရွာမှာက ကင်းအဖွဲ့တွေရှိတယ်လေ၊ ကားတွေဘယ်သွားတာလဲဆိုပြီး ကင်းအဖွဲ့က လိုက်ကြည့်ရင်းနဲ့ မမျှော်လင့်ဘဲနဲ့ ထိပ်တို့က်တွေ့သွားတာ၊ ရွာမြောက်ဘက်က မူးဘောင်မှာ ရဲကင်းတစ်ခုရှိတယ်။ အဲဒီအနားအရောက်မှာ စစ်သားတွေက ကင်းသမားတွေကို ပစ်ကြတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အသတ်ခံရသူ ရွာသားများ၏ ရုပ်အလောင်းကို ရွှေဘိုမြို့သို့ သယ်ဆောင်သွားသည်ဟုသိရပြီး သက်ဆိုင်သူမိသားစုများ ရုပ်အလောင်းကို ကြည့်ခွင့်မပေးဟုလည်း သိရသည်။

“ညတုန်းက ပစ်သံတွေကြားတော့ ကင်းသမားတွေနဲ့ ထိပ်တိုက်တွေ့မှန်းမသိဘူး၊ မိုးပေါ်ထောင်ဖောက်တယ်ထင်တာ၊ ခြောက်လှန့်တာမျိုးပဲထင်တာ၊ ဒီနေ့မနက်မှ  ဒီမှာတဲ့ မင်းတို့ရွာကကောင်တွေ လက်နက်တွေနဲ့ တို့ကိုလုပ်မှာမလို့ ပစ်သတ်လိုက်တာတဲ့ ခေါင်းတွေချည့်ပစ်သတ်လိုက်တယ်ဆိုပြီး အဲ့ဒီဖြစ်စဉ်အနီးက ကျောင်းဆရာတစ်ယောက်ကို စစ်သားတွေကပြောခါမှ ကျွန်တော်တို့လည်းသိရတာ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ် စစ်ကားကြီးနှစ်စီး ဆိပ်ခွန်ကျေးရွာထဲ၌ပင် ရှိနေသေးကြောင်းဒေသခံက ဆိုသည်။

စစ်တပ်သည် ဆိပ်ခွန်ရွာမြောက်ဘက် တစ်တိုင်ခန့်အကွာ တစ်လုံးကျေးရွာတွင် တပ်စွဲထားသည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ယမန်နေ့ညပိုင်းတွင် ဆိပ်ခွန်ရွာသို့ ရောက်လာကြခြင်းဖြစ်သည်။

ဆိပ်ခွန်ရွာသည် ရွှေဘို–မုံရွာ ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိကာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ကျေးရွာသားများသည် စိုက်ပျိုးရေးနှင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြသည်။

ထိုရွာတွင် နွေဦးတော်လှန်ရေးသပိတ်များ အားကောင်းချိန် နှစ်ငါးလုံး သပိတ်နောက်ပိုင်းတွင် ကျေးရွာသား ငါးဦးထိ အဖမ်းခံခဲ့ရပြီး ယခုချိန်အထိ မိသားစုဝင်များဖြင့် တွေ့ခွင့်မရဟုဆိုသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...