မြန်မာ ကိုဗစ်-၁၉ အကျပ်အတည်းအတွက် နိုင်ငံတကာအကူအညီရရှိရေး ကုလကျွမ်းကျင်သူ တောင်းဆို

မြန်မာ ကိုဗစ်-၁၉ အကျပ်အတည်းအတွက် နိုင်ငံတကာအကူအညီရရှိရေး ကုလကျွမ်းကျင်သူ တောင်းဆို

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အကျပ်အတည်းကို ကိုင်တွယ်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက တောင်းဆိုပန်ကြားခဲ့သည်။

အရေးပေါ်အကူအညီများ မရရှိပါက နိုင်ငံတွင် သိသာထင်ရှားသော လူ့အသက်ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ဖွယ်ရှိသည့် အကြောင်းတရား ၃ ခုကို ၎င်းက ထုတ်ဖော်ပြသွားခဲ့သည်။

“ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲအပါအ၀င် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဥ်တွေ တစ်ဟုန်ထိုး တိုးပွားလာမှု၊ မြန်မာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်ပြားမှု နဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အရာမှန်သမျှကို မြန်မာပြည်သူတွေ အယုံအကြည်လုံး၀မရှိမှု ဆိုတဲ့ အချက်သုံးခုက မုန်တိုင်းဖြစ်စေဖို့ အံကိုက်နေတဲ့ အခြေခံအကြောင်းရင်းတွေလိုမျိုး ဖြစ်နေပြီး အဲဒီအကြောင်းအချက်တွေဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီကိုမှ မရဘူးဆိုရင် လူအများအပြားကို သေဆုံးစေနိုင်မယ့် အကြောင်းတရားတွေ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ဇူလိုင် ၁၄ ရက် ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောခဲ့သည်။

“မြန်မာပြည်သူတွေ ယုံကြည်မယ့် ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ်တစ်ခုအပါအ၀င် ကိုဗစ်တုံ့ပြန်ရေး အစီအစဥ်တစ်ခုကို အာဏာသိမ်းအုပ်စု မဟုတ်တဲ့၊ နိုင်ငံရေးမဟုတ်တဲ့ အဖွဲ့တစ်ခုက ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေအောင်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီပေးရပါလိမ့်မယ်” ဟု အန်ဒရူးစ်က မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပြည်သူလူထု၏ အယုံအကြည်မရှိမှုကို အလေးပေးပြောသည်။

ထို့ပြင် မြန်မာစစ်တပ်ထံတွင် ယခုအကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် ရင်းမြစ်များ၊ လုပ်နိုင်စွမ်းများနှင့် တရား၀င်ဖြစ်မှုတို့ မရှိကြောင်းလည်း ၎င်းကပြောသည်။

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းက တကယ့်ကို မရှူနိုင်၊ မကယ်နိုင် ဖြစ်စေတဲ့အထိ ကြီးလေးနေပါတယ်၊ ဘာလို့လဲဆိုတော့ အာဏာသိမ်းစစ်တပ်အပေါ် အယုံအကြည်မရှိမှုက နေရာတကာ ပျံ့နှံ့နေလို့ပါ” ဟု ၎င်းက ပြောသွားခဲ့သည်။

အကူအညီပေးရန် ဆန္ဒရှိသူများအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့သည့် အခြေအနေမတိုင်ခင် လုပ်ဆောင်သွားသင့်ကြောင်း အန်ဒရူးစ်က ပြောသည်။

“မြန်မာနိုင်ငံမှာ ဒီ လူသေဆုံးစေတဲ့ ဗိုင်းရပ်စ် အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့တဲ့ အခြေအနေ မတိုင်ခင်၊ ဖော်မပြနိုင်အောင် များပြားတဲ့ ကိန်းဂဏန်းတွေအထိ သေဆုံးရ မှုမတိုင်ခင် အကူအညီ ပေးလိုတဲ့၊ လိုအပ်နေတဲ့ အကူအညီတွေကို ထောက်ပံ့ပေးနိုင်တဲ့ အဖွဲ့၀င်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေအနေနဲ့ ချက်ချင်း ဆောင်ရွက်သွားကြရပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် အာဏာသိမ်းမှုမတိုင်မီ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ကိုဗစ်-၁၉ အကူအညီအဖြစ် မြန်မာနိုင်ငံရရှိထားသည့် ဒေါ်လာ သန်း ၃၅၀ ကို စစ်တပ်အနေဖြင့် စာရင်းတင်ပြရှင်းလင်းရန် ၎င်းက တောင်းဆိုသွားခဲ့သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...