KNLA ဗဟိုဆေးတပ်ဖွဲ့ ဆေးသင်တန်းကျောင်းအုပ် ကွယ်လွန်

KNLA ဗဟိုဆေးတပ်ဖွဲ့ ဆေးသင်တန်းကျောင်းအုပ် ကွယ်လွန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) ဗဟိုဆေးတပ်ဖွဲ့မှ ဆေးသင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးစောကလို့ဖောဝါးသည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

၎င်းသည် ပြီးခဲ့သည့် ၆ လကတည်းက အစာအိမ်၊ အူနှင့် အသဲရောဂါဝေဒနာ ခံစားရခြင်းဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့ ညတွင် သွေးအန်ခဲ့ပြီးနောက် ယမန်နေ့ နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း KNLA ဗဟိုဆေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်မှူးကြီးနော်စေးဒေးကဲက ယခုလိုပြောသည်။

"သူက ကျမတို့ဆေးဌာနမှာ ဆေးရုံအုပ်ပေါ့နော်။ သူ့ရောဂါက ဆေးစစ်ချက်ရလဒ်အရ အူရော၊ အစာအိမ်ရော အနာငါးပေါက် ခြောက်ပေါက်ရှိတယ်ပေါ့နော်။ သူသွေးအန်တာလည်း ခဏ၊ ခဏပဲ။ နောက်ပြီးတော့ သူ့ liver (အသဲ) က liver cirrhosis တဲ့။ အဲ့ဒါကြောင့်မို့လို ဒီတစ်ခေါက် သူပြန်လာတာ။ သူလည်း အဲ့ဒါကြောင့်မို့ ဆုံးသွားတာဖြစ်မယ်" ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ကြီးစောကလို့ဖောဝါးသည် လက်ရှိ ကေအဲန်အယ်လ်အေ ဒုတိယစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် ကွန်မန်ဒိုတပ်ဖွဲ့သင်တန်း အပတ်စဉ်တူ တက်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၄-၈၅ ခုနှစ်တွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးတပ်ဖွဲ့ဘက်ကို ကူးပြောင်းလာခြင်းဖြစ်သည်။

သူသည် ကေအဲန်အယ်လ်အေ ဆေးတပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သလို ကေအဲန်အယ်လ်အေ ဗဟိုဆေးရုံအုပ်တာဝန်ကို ၁၈ နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူ ကေအဲန်အယ်လ်အေ ဗဟိုဆေးရုံအုပ်နှင့် ဆေးသင်တန်းကျောင်းအုပ် တာဝန်နှစ်ခုကိုထမ်းဆောင်နေရင်း ယခုလို ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကြီးစောကလို့ဖောဝါး၏ ဈာပနာအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်တွင် ကေအဲန်ယူတပ်မဟာ ၇ နယ်မြေတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

သူသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် ညီအစ်ကိုမောင်နှမ ၄ ဦး ကျန်ရစ်ခဲ့သည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...