အုန်းဖျန် ဒုက္ခသည်စခန်းတွင်း ပြန်လည်ခိုးဝင်လာသူ မိသားစုထံမှ ကိုဗစ်ပိုးတွေ့ရှိ

အုန်းဖျန် ဒုက္ခသည်စခန်းတွင်း ပြန်လည်ခိုးဝင်လာသူ မိသားစုထံမှ ကိုဗစ်ပိုးတွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖို့ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ပြင်ပမှ ပြန်လည်ခိုးဝင်လာသူ မိသားစုထံမှ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ် Positive ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့က မဲဆောက်မြို့မှ စခန်းအတွင်းသို့ ပြန်လည်ခိုးဝင်လာသူ Zone A ရပ်ကွက် (၆) တွင်နေထိုင်သည့် မိသားစုဝင် ၃ ဦးကို စခန်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းပြီး သီးသန့်ခွဲထားကာ ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် ၎င်းမိသားစုမှ အမျိုးသားဖြစ်သူမှာ ကိုဗစ်ပိုး ကနဦးစစ်ဆေးတွေ့ရှိခဲ့ပြီး အလားတူ  ယမန်နေ့က ၎င်း၏ အမျိုးသမီးထံတွင်လည်း ထပ်မံကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စခန်း၏ ဒု-ဥက္ကဌ စောနီဒိုက ယခုလိုပြောသည်။

၎င်းက “ဘယ်အချိန်က ထွက်သွားမှန်းတော့မသိဘူး။ ရပ်ကွက်တာဝန်ရှိသူတွေလည်း မသိလိုက်ဘူး။ ၂ ရက်နေ့က ပြန်ဝင်လာတယ်။ ခိုးဝင်လာတာပေါ့။ အဲ့လို ပြန်ခိုးဝင်လာတဲ့အတွက် ရပ်ကွက်လူကြီးတွေမေးတော့ သူတို့ မဲဆောက်ဘက်က ပြန်လာတယ်လို့ပြောတယ်။ အဲ့တော့ စခန်းစည်းကမ်းအရ သီးသန့်ခွဲထားရတာပေါ့။ ၆ ရက်နေ့ကျတော့ နှာခေါင်းတို့ဖတ်ကို ယူစစ်ဆေးတော့ ၇ ရက်နေ့မှာ positive အဖြေထွက်လာတာပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ၎င်းနှင့်ထိစပ်သည့် မိသားစုဝင် ၂ ဦးနှင့် အိမ်နီးနားချင်း ၉ ဦးကို သံသယလူနာအနေဖြင့် ဆက်လက်စစ်ဆေးရာတွင် ကနဦးပိုးတွေ့သူ အမျိုးသား၏ ဇနီးသည်ထံတွင် ကိုဗစ် Positive ထပ်မံတွေ့ရှိခဲ့ပြီး မိသားစုဝင်မဟုတ်သူများထံတွင် မတွေ့ရှိရသေးဘဲ ၎င်းတို့မိသားစုဝင် ၃ ဦးတွင် သားဖြစ်သူမှာ ၃ လသား အရွယ်သာရှိသေးကြောင်းသိရပြီး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိမှု ရှိ/မရှိ မသိရသေးကြောင်း စောနီဒိုက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ ကိုဗစ်ပိုးတွေ့လူနာ လင်မယား ၂ ဦးကို ဖို့ဖရဆေးရုံသို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းနှင့် ကိုဗစ်ပိုး စစ်ဆေးမတွေ့ရှိသေးသည့် ကျန်ထိတွေ့သူများကို သီးသန့်နေရာခွဲထား စောင့်ကြည့်နေပြီး စုစုပေါင်း ၁၇ ဦးရှိကြောင်းလည်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ ကိုဗစ်ပိုးတွေ့ရှိလူနာများ ရှိလာခြင်းကြောင့် စခန်းတွင် ဝင်/ထွက်သွားလာမှုများ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများကို ယာယီပိတ်ထားပြီး ရပ်ကွက်ကျော်သွားလာမှုများကိုလည်း တားမြစ်ထားလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ အခြားဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် စခန်းတွင်း နေထိုင်သူ လင်မယား ၂ ဦးထံတွင် အလားတူ ကိုဗစ် Positive စစ်ဆေးတွေ့ရှိသောကြောင့် စခန်းတွင်းသွားလာမှုများကို ပိုမိုတင်းကြပ်ကန့်သတ်လိုက်ကြောင်း သိရသည်။

လတ်တလောတွင် ထိုင်းနိုင်ငံတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြှင့်တက်လျက်ရှိရာ ထိုင်းကျန်းမာရေးဌာန၏ ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူ (၃၁၇,၅၀၆) ဦးပြီး သေဆုံးသူ (၂,၅၃၄) ဦးရှိသည်။

ထို့အတူ တာ့ခ်ခရိုင်တွင် မြို့နယ်ပေါင်း ၉ မြို့နယ်ရှိသည့်အနက် မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှု အမြင့်ဆုံးဖြစ်ပွားနေပြီး ထိုင်းအာဏာပိုင်များ၏ ယမန်နေ့ ထုတ်ပြန်ထားချက်အရ ပိုးကူးခံရသူ ၁,၂၁၇ ဦးရှိကြောင်း သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...