မြန်မာနိုင်ငံသားအများအပြားနေထိုင်သည့် ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် Covid-19 ကပ်ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
အဆိုပါထုတ်ပြန်သည့် ညမထွက်ရအမိန့်တွင် မြန်မာနိုင်ငံသားအပါအဝင် ထိုင်းနိုင်ငံသားမဟုတ်သူများအားလုံးကို ည ၈ နာရီမှစတင်၍ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မရသလို ထိုင်းနိုင်ငံသားဖြစ်ပါက ည ၁၁ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မရကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးမိုးကျော်က “ညမထွက်ရအမိန့်လည်းထုတ်ထားတယ်။ ပြီးတော့ ရပ်ကွက်အချို့ကိုလည်း Lockdown ချထားတာရှိတယ်။ ဂိတ်တွေချထားပြီး အဝင်/အထွက်တွေစစ်တယ်။ ပြီးတော့ မယ်တောင်မှာရှိတဲ့ ဆင်နှစ်ကောင်စက်ရုံတို့လမ်းကြားတွေမှာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ချထားတာရှိတယ်။ ပစ္စည်းတွေသွားလှူရင် အဲမှာပဲချရမယ်ပေါ့။ အဲကို ဝင်လို့တော့မရဘူး။ အဲဒီဟာမျိုးတွေ စီစဉ်ထားတာတွေ့ရတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် မဲဆောက်မြို့အတွင်းရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား စက်ရုံအလုပ်သမားများလည်း Covid-19 ကူးစက်ခံရသူများရှိသည့်အတွက် စက်ရုံနှင့် အလုပ်သမားများနေထိုင်သည့် တန်းလျားများကိုလည်း အဝင်/အထွက် ပိတ်ထားလိုက်ခြင်းရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် မြို့နယ် (၉) မြို့နယ်ရှိသည့်အနက် မဲဆောက်မြို့နယ်တွင် Covid-19 ကူးစက်မှုအများဆုံးဖြစ်ပြီး ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အထိ မဲဆောက်မြို့နယ်တွင် Covid-19 ကူးစက်သူ ၁၂၁၇ ဦးရှိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
Covid-19 ရောဂါကူးစက်မှု ဖြစ်ပွားသည့်အချိန်မှစတင်၍ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကိုလည်း အဝင်/အထွက် တရားဝင်ပိတ်ထားလိုက်သည့်အတွက် ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံဖြတ်ကျော်မှုမရှိစေရန် ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ထိုင်းစစ်တပ်ဘက်မှ လုံခြုံရေးတင်းကြပ်ထားလျက်ရှိသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူစုစုပေါင်း (၃၁၇,၅၀၆) ဦးရှိပြီး သေဆုံးသူ (၂,၅၃၄) ဦးရှိသည်ဟု ထိုင်းကျန်းမာရေးဌာန၏ ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







