မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်ပြီး လူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ ကျောင်းတွေကို ဆက်လက်ဖွင့်ထားဆဲဖြစ်ပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ ပြည်နယ်အတွင်း ကူးစက်ခံထားရသူ တစ်ထောင်ကျော်ရှိခဲ့ပြီး သေဆုံးသူကတော့ လေးဆယ်ကျော်ရှိခဲ့ပါတယ်။
ဒါကြောင့် ကူးစက်မှုများတဲ့ မော်လမြိုင်၊ သထုံနဲ့ သံဖြူဇရပ်မြို့နယ်တို့ကို Stay At Home နေထိုင်ဖို့ စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။
အခုလို ကူးစက်မှုတွေ မြင့်တက်နေပေမယ့် ပြည်နယ်အတွင်းက အခြေခံပညာကျောင်းအားလုံးကို မပိတ်သေးဘဲ ဆက်လက်ဖွင့်ထားဆဲဖြစ်တယ်လို့ ပညာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
Stay At Home သတ်မှတ်ထားတဲ့မြို့တွေက ကျောင်းတွေကိုသာ ယာယီပိတ်ထားပြီး ကျန်မြို့နယ်က ကျောင်းတွေကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားတယ်လို့ မွန်ပြည်နယ်ပညာရေးမှူး ဦးစန်းအောင်က ပြောပါတယ်။
"မွန်ပြည်နယ်မှာ Stay at Home မြို့နယ် (၃) မြို့နယ်ရှိတယ်၊ အဲ့ဒီ (၃) မြို့နယ်ကို ယာယီရပ်ထားဖို့အတွက် ပြည်နယ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်၊ ကျန်တဲ့မြို့နယ်တွေမှာတော့ ကိုဗစ်ကူးစက်မှုဖြစ်တဲ့ အတန်းတွေမှာဆိုရင် (၁၀) တန်းဆို (၁၀) တန်းကျောင်းသားနဲ့ ဆက်စပ်တယ်ဆိုရင် အဲ့ဒီအတန်းကိုတော့ ကျွန်တော်တို့ပိတ်တယ်၊ ကျန်တဲ့အတန်းကိုတော့ ဆက်ပြီးဖွင့်တာမျိုးကိုတော့ ဆောင်ရွက်ထားတာရှိပါတယ်" လို့ ဆိုပါတယ်။
အခုလို ကျောင်းတွေကို ဆက်ဖွင့်ထားတဲ့အတွက် အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကိုဗစ်အရေကူညီနေသူတွေက ထောက်ပြထားပါတယ်။
ကျောင်းသားမိဘတွေကတော့ ကျောင်းတွေကို ပိတ်ထားစေချင်ပြီး လက်ရှိအခြေအနေကြောင့် ကိုဗစ််ကူးစက်ခံရမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
"ကျောင်းတွေက အားလုံးပိတ်သင့်တာပေါ့၊ ဒီလောက်ကူးစက်မှုတွေများနေတာ၊ ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမတွေ ကျောင်းသား/ကျောင်းသူတွေ ကူးစက်မှုတွေရှိနေပြီး၊ ကျောင်းတွေကို အရင်ကတည်းက ပိတ်ထားသင့်တာ အခု နောက်တောင်ကျနေပြီ၊ အခုဆိုရင် ဆရာ၊ ဆရာမတွေရော ကျောင်းသား/ကျောင်းသူတွေရော Isolation Ward တွေထဲကို ရောက်နေကြပြီ" လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းတွေမှာ ဇူလိုင်လ (၇) ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရတဲ့ ဆရာ၊ ဆရာမပေါင်း (၃၀) ဝန်းကျင်းခန့်ရှိပြီး ကိုဗစ်ကူးစက်ခံရတဲ့ ကျောင်းသား/ကျောင်းသူပေါင်း (၄၀) ကျော်ရှိတယ်လို့ သိရပါတယ်။







