ယာယီအဖွဲ့ခေါင်းဆောင် နုတ်ထွက်ခြင်းကြောင့် PPST စုဖွဲ့မှုအတွင်း ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့

ယာယီအဖွဲ့ခေါင်းဆောင် နုတ်ထွက်ခြင်းကြောင့် PPST စုဖွဲ့မှုအတွင်း ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ၎င်းတို့၏စုဖွဲ့မှု ခေါင်းဆောင်နေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယာယီခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်အောင်မင်းက ယာယီတာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် အဆိုပါ PPST ၏ ယခင်ယာယီခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီးယွက်စစ်က နုတ်ထွက်သွားပြီး ၎င်းနေရာတွင် နိုင်အောင်မင်း (ခေါင်းဆောင်) နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီးစိုင်းငင်း (အဖွဲ့ဝင်) တို့ပါဝင်သည့် ခေါင်းဆောင်များမှ ဆက်လက်ယာယီ တာဝန်ယူသွားမည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် ယာယီခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီအဖွဲ့ခေါင်းဆောင်အနေဖြင့် တာဝန်ယူခြင်းမှ အနားယူလိုကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် နုတ်ထွက်စာတင်ထားခြင်းဖြစ်ပြီး ၎င်းကို ယမန်နေ့က အစည်းအဝေးအတွင်း လက်ခံအတည်ပြုပေးလိုက်ပြီးနောက် အစုအဖွဲ့ကိုဦးဆောင်ရန် ယာယီအဖွဲ့ခေါင်းဆောင်များကို ဆက်လက်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခေါင်းဆောင်များအနေဖြင့် စတုတ္ထအကြိမ်မြောက် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-EAOs) ၏ ဒုတိယပိုင်း ထိပ်သီးအစည်းအဝေး ပြီးမြောက်သည်အထိ ယာယီဦးဆောင်သွားရမည်ဖြစ်ကာ အဆိုပါ ထိပ်သီးအစည်းအဝေးကို ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်နိုင်ရန် လျာထားပြီး ၎င်းထိပ်သီးအစည်းအဝေးပြုလုပ်ပြီးကာမှ PPST ၏ အဖွဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်ခန့်အပ်တာဝန်ပေးသွားမည်ဟု PPST ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

လတ်တလော ဗိုလ်ချုပ်ကြီးယွက်စစ် နုတ်ထွက်ရခြင်းမှာ ရှမ်းအမျိုးသားနိုင်ငံရေးအတွက် လုပ်ငန်းတာဝန် များပြားလာသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ပြီး ယခုလို အဖွဲ့ခေါင်းဆောင်နုတ်ထွက်ခြင်းနှင့် အပြောင်းအလဲဖြစ်ပေါ်မှုများကြောင့် အဖွဲ့အတွင်း စုဖွဲ့မှုအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်ပြောသည်။

“အခု ဗိုလ်ချုပ်ကြီးယွက်စစ်က သူ့ရှမ်းအမျိုးသားရေးလုပ်ငန်းကိစ္စ သူ့ရဲ့ ရှမ်းပြည်ကိစ္စတွေနဲ့ လုပ်ငန်းတွေ ပိုများလာတာပေါ့။ အဲ့လိုလုပ်ငန်းတွေ ပိုအားစိုက်လုပ်နိုင်ဖို့ လက်ရှိ ယာယီခေါင်းဆောင်ကနေ အနားယူခွင့်ကို စာတင်ထားပြီး ပြီးခဲ့တဲ့ PPST အစည်းအဝေးပွဲမှ ဆွေးနွေးလက်ခံအတည်ပြုလိုက်တယ်။ PPST မှာ စည်းမျဉ်းစည်းကမ်းတွေ လုပ်ငန်းလမ်းညွှန်တွေ ရှိထားပြီးသားဖြစ်တဲ့အတွက် ခေါင်းဆောင်အပြောင်းအလဲကြောင့် စုဖွဲ့မှုအတွက် ဘာမှတော့ ရိုက်ခတ်မှုရှိမှာမဟုတ်ဘူးလို့တော့ မြင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

PPST အစည်းအဝေးကို ယခုလဆန်း ၁ ရက်နှင့် ၂ ရက်တွင် တစ်ကြိမ် ကနဦးပြုလုပ်ခဲ့ပြီး နောက်ထပ် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် တစ်ကြိမ် ထပ်မံကျင်းပခဲ့ရာ ၄ ရက်တာ အစည်းအဝေးပွဲတွင် လတ်တလော နိုင်ငံရေးအကြပ်အတည်းကာလကို NCA ၏ အနှစ်သာရကို အခြေခံ၍ ဖြေရှင်းသွားမည့်ကိစ္စရပ်များ ဆွေးနွေးသဘောတူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လတ်တလော ရင်ဆိုင်နေရသည့် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်းနှင့် ကာကွယ်တားဆီးမှုများကို အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပြီး PPST အနေဖြင့်လည်း အတတ်နိုင်ဆုံး ပါဝင်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

ဆက်လက်ပြီး ရှမ်းပြည်မြောက်ပိုင်းအပါအဝင် မြန်မာပြည်တစ်ဝှမ်းဖြစ်ပွားနေသည့် နိုင်ငံရေးအကြပ်အတည်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် တိုက်တွန်းထားသလို ယမန်နေ့ကကျရောက်သည့် ဆဲလ်ဗင်းဇူလိုင် အောက်မေ့ပွဲကိုလည်း အသိအမှတ်ပြု ထုတ်ပြန်ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး PPST ခေါင်းဆောင်များအကြား သဘောထားမတိုက်ဆိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး ယခင် PPST စုဖွဲ့မှုကို ဦးဆောင်ပါဝင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့်လည်း တက်တက်ကြွကြွပါဝင်ခြင်းမျိုး မတွေ့မြင်ရတော့ဘဲ အစုအဖွဲ့ကွဲပြားမှုများလည်း ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အလားတူ PPST စုဖွဲ့မှုစတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ခေါင်းဆောင်တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NCA ကိစ္စဆွေးနွေးရာတွင် မကျေလည်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် PPST အဖွဲ့ခေါင်းဆောင်နေရာမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီခေါင်းဆောင်ဖြစ်လာပြီး ၂ နှစ်ကျော်ကာလ ဦးဆောင်တာဝန်ယူခဲ့ပြီးကာမှ ထပ်မံနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...