စစ်တွေတွင် စစ်ဘေးရှောင်လင်မယားနှစ်ဦး အစာအဆိပ်သင့်၍သေဆုံးပြီး ခုနှစ်ဦး အရေးပေါ်ဆေးကုသမှုခံယူနေရ

စစ်တွေတွင် စစ်ဘေးရှောင်လင်မယားနှစ်ဦး အစာအဆိပ်သင့်၍သေဆုံးပြီး ခုနှစ်ဦး အရေးပေါ်ဆေးကုသမှုခံယူနေရ

ရခိုင်ပြည် စစ်တွေမြို့ မင်းဂံအကွက် (၁၇) ဝိဘဇ္ဇတဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ် (၁) တွင်နေထိုင်သည့် စစ်ဘေးရှောင် လင်မယားနှစ်ဦးမှာ အစာအဆိပ်သင့်၍ ဇူလိုင် (၆) ရက် ည ၁၀ နာရီကျော်ခန့်တွင် သေဆုံးသွားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) မှ သိရသည်။

စစ်ဘေးရှောင်လင်မယားနှစ်ဦးသည် ငါးပူတင်းအား ချက်ပြုတ်စားသောက်ပြီးနောက် အဆိပ်မမိစေရန်အတွက် စပါးကြီးသည်းခြေကို စားသောက်ရာတွင် ငန်းသည်းခြေနှင့်မှား၍ စားသောက်မိသည့်အတွက် သေဆုံးရခြင်းဖြစ်သည်ဟုသိရကြောင်း အဆိုပါ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။

“မနေ့ သူတို့လင်မယားနှစ်ဦးဟာ ငါးပူတင်းကို ချက်ပြုတ်စားသောက်ကြတယ်။ အဲဒီငါးပူတင်းကို စားပြီးတော့ အဆိပ်မမိစေဖို့အတွက်ဆိုပြီး စပါးကြီးသည်းခြေကို စားကြတာမှာ ငန်းသည်းခြေနဲ့မှားပြီး စားမိတဲ့အတွက် အစာအဆိပ်သင့်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားကြတယ်” ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် စစ်ဘေးရှောင်လင်မယားနှစ်ဦးမှာ ကျောက်တော်မြို့နယ် အောက်မွန်ထောက်ကျေးရွာမှ အသက် (၄၀) အရွယ် ဦးနန်းဦးကျော်နှင့် အသက် (၃၀) အရွယ် ဒေါ်သန်းနုစိန် တို့ဖြစ်ကြသည်။

အလားတူ အဆိုပါငါးပူတင်းကို စားသောက်မိခဲ့ကြသည့် စစ်ဘေးရှောင်ကလေးငါးဦးနှင့် လူကြီးနှစ်ဦးမှာလည်း စစ်တွေမြို့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“သူတို့အခြေအနေက မူးလို့၊ အန်လို့ အဆိပ်မိတဲ့ လက္ခဏာဖြစ်တယ်။ အခုလောလောဆယ်တော့ သူတို့ အခြေအနေကောင်းနေကြပြီဖြစ်တယ်” ဟု ဦးမင်းထည်ဝါက ပြောသည်။

လက်ရှိ အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိသည့် စစ်ဘေးရှောင်ကလေး ငါးဦးမှာ မောင်တောမြို့နယ် အောင်သပြေကျေးရွာမှဖြစ်ပြီး လူကြီးနှစ်ဦးမှာလည်း ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာမှဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...