သထုံခရိုင်အတွင်း စစ်ကောင်စီတပ်များ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေဟု KNU ပြော

သထုံခရိုင်အတွင်း စစ်ကောင်စီတပ်များ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေဟု KNU ပြော

KNU - ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁) အုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားနေသည့် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လူထုနေထိုင်ရာကျေးရွာထဲသို့ သေနတ်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု KNU သထုံခရိုင် တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်သည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်ကာ လူထုပိုင်ဆိုင်သည့် ပစ္စည်းများကိုလည်း ပိုင်ရှင်မသိဘဲ ယူဆောင်သွားမှုများ လုပ်ဆောင်လျက်ရှိသည်ဟု KNU သထုံခရိုင် ခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောသည်။

ပဒိုစောစိုးမြင့်က “လက်နက်ကိုင်အချင်းချင်း ဖြစ်ကြတာကို လူထုကိုပစ်မှတ်ထားပြီး ပြန်ပစ်တာ မကောင်းဘူးပေါ့။ သူတို့က ရွာထဲကို လက်နက်ကြီးနဲ့ပစ်တော့ ခြံတွေထိတယ်၊ အိမ်တွေပျက်စီးတယ်။ ရွာထဲဝင်ပြီး လူထုတွေပိုင်ဆိုင်တဲ့ ဆန်တွေ၊ ပစ္စည်းတွေလည်း ယူတာမကောင်းဘူးပေါ့။ လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင် ဒါ လူ့အခွင့်အရေးချိုးဖောက်တာပေါ့နော်။ ကျနော်က အဲလိုပဲမြင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလ ဇူလိုင်လ ၁ ရက်နေ့တွင် ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် ညောင်ကုန်းရွာရှိ စစ်ကောင်စီ ခမရ (၄၀၆) တပ်ရင်းမှ တပ်ခွဲမှူးအဆင့်ရှိ သီဟဇော်ဦးဆောင်သည့်အဖွဲ့သည် ကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံးပစ်ချရာတွင် ၅ လုံး ပေါက်ကွဲခဲ့သလို လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားသည့်အပြင် ဇူလိုင်လ ၂ ရက်နေ့တွင်လည်း သထုံမြို့နယ် ဝမ်းဘဲအင်းကျေးရွာရှိ စကခ (၈) စစ်ကြောင်းမှူး ဝေယံဦး ဦးဆောင်သည့်အဖွဲ့က လူထုနေထိုင်သည့် ကျေးရွာထဲသို့ (၆၀ မမ) ၇ လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ပဒိုစောစိုးမြင့်က ဆက်ပြောသည်။

ထိုဒေသမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့နေတဲ့ ဒေသမှာက BGF စခန်းတွေရှိတယ်။ တပ်စခန်းတွေလည်းရှိတယ်။လက်နက်ကြီး အသံတွေကတော့ မကြာခဏကြားရတယ်။ ညောင်ကုန်းရွာ မနီးမဝေးမှာဆိုရင်လည်း BGF နဲ့ တပ်ပဲရှိတယ်။ တစ်ခါတစ်လေ တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ အသံနဲ့ခြိမ်းခြောက်ပြီး ဖောက်တာတွေလည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

KNU သထုံခရိုင် အုပ်ချုပ်နယ်မြေထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူထုများနေထိုင်ရာ ကျေးရွာထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အပြင် တပ်အင်အားတိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သထုံခရိုင် တာဝန်ရှိသူများက ပြောသည်။

KNU သထုံခရိုင်၏ ပြုစုထားသည့်စာရင်းအရ ယခင်လ ဇွန်လအတွင်း သထုံခရိုင်တွင် တိုက်ပွဲပေါင်း ၂၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃၂ ဦး ကျဆုံးသွားပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ၎င်းတို့ထံ လက်နက်ချခဲ့သည်ဟု ဖော်ပြထားသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...