ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် ကော်သူးလေတပ်မတော်နေ့ကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအချို့ရှိ စာသင်ကျောင်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ခေါင်းဆောင်များ ဦးဆောင်၍ ဟောပြောပွဲများဖြင့် အကျဉ်းချုံးပုံစံဖြင့် ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
KNLA ဗဟိုမှ အခမ်းအနားပုံစံဖြင့် ပြုလုပ်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်တတိယလှိုင်းကူးစက်နိုင်မှု အခြေအနေများကြောင့် မပြုလုပ်နိုင်ဘဲ အောက်ခြေတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များကိုသာ ဒေသနယ်မြေ အခြေအနေပေါ်မူတည်၍ ပြုလုပ်သွားရန် ညွှန်ကြားထားခြင်းကြောင့် ယခုလို အကျဉ်းချုံးပုံစံဖြင့် ပြုလုပ်ကြခြင်းဖြစ်ကြောင်း KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုက ကိုဗစ်က ထပ်ဖြစ်နေတော့ ကျနော်တို့ ပထမက လုပ်ဖို့စီစဉ်ထားပေမယ့် မလုပ်ဖြစ်တော့ဘူး။ ဒါပေမယ့် အောက်ခြေ တပ်ရင်းတပ်ဖွဲ့တွေကိုတော့ အခြေအနေကိုကြည့်ပြီး လုပ်သွားဖို့တော့ ညွှန်ကြားထားတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေတချို့တွင် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်မှုများကြောင့် ဝင်ရောက်ထွက်ပြေးခိုလှုံသူ အများအပြားရှိနေပြီး ဒေသ၏ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး အစီအစဉ်များအောက်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ တွေ့ရှိမှုများရှိခြင်းကြောင့် ယခုလို လူစုလူဝေး အခမ်းအနားပွဲများကို မပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယနေ့ ကျရောက်သည့် ကော်သူလေတပ်မတော်နေ့ကို ဒေသအသွားအလာကန့်သတ်ထားသည့် KNLA ထိန်းချုပ်နယ်မြေတချို့ရှိ KNU ၏ အထက်တန်းကျောင်းများနှင့် ကိုယ်ထူကိုယ်ထကျောင်းများတွင် ကော်သူးလေတပ်မတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်းများကို ကျောင်းသူ/ကျောင်းသားများအား ဟောပြောသည့်ပုံစံမျိုးဖြင့်သာ ပြုလုပ်ကြခြင်းဖြစ်သည်။
၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့်အတူ ကရင့်လက်နက်ကိုင်တပ်မတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ တပ်မတော်ဖွဲ့စည်းပုံ စသည်များကို ရေးဆွဲချမှတ်၍ ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့် ကရင့်လွတ်မြောက်ရေးတပ်မတော် ယခင် KPLA ၊ KPGF နှင့် KNDO ကရင်လက်နက်ကိုင် ၃ ဖွဲ့ကို စုပေါင်း၍ လက်ရှိ KNLA ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီး အဆိုပါအတည်ပြုသည့်နေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် ကွန်ဂရက်၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။







