ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်ပင်သာယာစျေးတွေမှာ အခြေခံစားသောက်ကုန်တွေကိုသာ ရောင်းချခွင့်ပြုတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိအချိန်ထိ ကူးစက်ခံထားရသူ (၉၀၀) နီးပါးရှိပြီး ဖြစ်ပါတယ်။
အခုလို ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစုလူဝေးဖြစ်တဲ့ စျေးတွေကိုတော့ စည်ပင်သာယာက စတင်ထိန်းချုပ်ကန့်သတ်လာပြီး ဖြစ်ပါတယ်။
စျေးတွေမှာ ယခင်လို ဆိုင်အားလုံး ဖွင့်လှစ်ရောင်းချခွင့်မရှိတော့ဘဲ အခြေခံစားသောက်ကုန်တွေမဟုတ်တဲ့ ရွှေဆိုင်၊ အထည်အလိပ်ဆိုင်၊ လျှစ်စစ်ပစ္စည်းဆိုင်နဲ့ ကုန်မာရောင်းချတဲ့ဆိုင်တွေကိုတော့ ယာယီပိတ်သိမ်းဖို့ စည်ပင်သာယာက ညွှန်ကြားလိုက်ပါတယ်။
“ကျွန်တော်တို့ ဘယ်လောက်ပိတ်မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ ပြည်ထောင်စုက သတ်မှတ်တာဆိုတော့ ပြည်ထောင်စုက ခွင့်ပြုမှရမယ်။ ခွင့်ပြုထားတဲ့ ဆိုင်တွေကလည်း ရောင်းချတဲ့သူက mask တပ်ရမယ်၊ လာဝယ်တဲ့သူလည်း mask တပ်ရမယ်။ ကန့်သတ်ထားတဲ့ဆိုင်တွေ ခိုးဖွင့်ရင် ပထမအကြိမ် (၁၀) ရက်ပိတ်မယ်၊ ထပ်မလိုက်နာရင် (၁) လပိတ်မယ်” လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
အခုလို အခြေခံစားသောက်ကုန်မဟုတ်တဲ့ ကုန်မာဆိုင်တွေကို ရောင်းချခွင့်ပိတ်လိုက်တဲ့အတွက် ငွေကြေးအခက်အခဲတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါကြောင့် ဆိုင်ကို လုံးဝပိတ်လိုက်တာမျိုးမဟုတ်ဘဲ အခြားဆိုင်တွေနှင့်တန်းတူ တစ်ရက်ခြားတစ်ခါ ဖွင့်လှစ်ရောင်းချခွင့် ရချင်တယ်လို့ မော်လမြိုင်အမှတ် (၁) စျေး စျေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးက ဆိုပါတယ်။
“စားဝတ်နေရေး ပြဿနာရှိတာပေါ့။ အလုပ်ရှင်က ပြဿနာမရှိပေမယ့် အလုပ်သမားတွေကတော့ အခက်အခဲရှိတာပေါ့။ အရင်ကလည်း ပိတ်ထားရတဲ့အတွက် ဆိုင်ခန်းခ မသွင်းနိုင်တာတွေ၊ မီးဖိုး မပေးနိုင်တာတွေဖြစ်တယ်။ အခြားဆိုင်တွေနဲ့အတူ စျေးတွေကို တရက်ခြားတစ်ခါ ရောင်းချခွင့်ပြုစေချင်တယ်” လို့ ၎င်းက ပြောပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့တဲ့ ကျိုက်ထိုမြို့က ပြည်သူ့စျေးကိုလည်း စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လ (၄) ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားလိုက်ပြီးဖြစ်ပါတယ်။
ဒါ့အပြင် မြို့နယ်တချို့က စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
ပြည်နယ်တဝှမ်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၉၀၀) နီးပါးရှိပြီး သေဆုံးသူကတော့ (၁၇) ဦးရှိပြီးဖြစ်ပါတယ်။







