ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စာရွက်စာတမ်းအချက်အလက်မပြည့်စုံဘဲ သွားလာနေသည့်ယာဉ်များကို ယနေ့ (ဇွန် ၃၀) ရက်နေ့အထိ စစ်ဆေးဖမ်းဆီးမှုရှိနေဆဲဖြစ်သည်ဟု သိရသည်။
ဖားအံမြို့အတွင်း အချက်အလက်မပြည့်စုံဘဲ သွားလာနေသည့်ယာဉ်များကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တွင် ယာဉ်ထိန်းရဲများက ဖားအံမြို့လမ်းဆုံနေရာတွင် စစ်ဆေးဖမ်းဆီးလျက်ရှိပြီး ၎င်းယာဉ်များကို ခရိုင်ရုံးသို့ ပြန်လည်သယ်ဆောင် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု မြို့ခံများထံမှ သိရှိရသည်။
ဖားအံမြို့ခံတစ်ဦးက "သူတို့က နေ့တိုင်းမစစ်ဘူး။ အဲ့ဒီ ၃ ရက်ကို ပြန်ပြီးတော့ဖမ်းတယ်။ အခုဖမ်းတာက ရဲတို့ စစ်တပ်တို့ပါတာ မတွေ့တော့ဘူး။ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) တွေပဲ ဖမ်းတယ်။ သူတို့ဖမ်းတာကတော့ အဓိက, က အချက်အလက်မပြည့်စုံတဲ့ ယာဉ်တွေကို ဖမ်းတယ်" ဟု ကေအိုင်စီသို့ပြောသည်။
ဖားအံမြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုများသည့် နေရာမှာ ဖားအံဘုရားကြီးဝင်း၊ မဲဘောင်ဈေးရှေ့၊ ရွှေကြက်ဖမီးပွိုင့်၊ ဖားအံလမ်းဂွနှင့် ကြာအင်းမီးပွိုင့် စသည့်နေရာများတွင် မကြာခဏ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ကျေးလက်နေထိုင်သူအများစုသည် လိုင်စင်မဲ့ယာဉ်များကိုသာ အများဆုံးအသုံးပြုပြီး ဖားအံမြို့တွင် ယခုလို အချက်အလက်မပြည့်စုံသည့်ယာဉ်များကို စောင့်ကြည့်ဖမ်းဆီးသည့်အတွက် ကျေးရွာမှနေထိုင်သူများ မြို့ပေါ်သို့ဈေးဝယ်ရန် အခက်အခဲများရှိသည်ဟု သိရှိရသည်။
ဇွန်လ ၇ ရက်နေ့မှစ၍ မှတ်ပုံတင်ထားခြင်းမရှိသည့် (လိုင်စင်မဲ့) မော်တော်ယာဉ်အသုံးပြုသူ ယာဉ်မောင်းများကို စစ်ဆေးတွေ့ရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်အသုံးပြုသူများကိုလည်း စစ်ဆေးတွေ့ရှိပါက ဒေသလိုင်စင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လိုက်လံကြေညာထားခြင်းရှိသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်ထဲတွင် သောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်စီးသူများ ဦးထုပ်ကို စနစ်တကျဆောင်းရန်နှင့် နှစ်ဦးထက် ပိုမစီးရန်၊ ဆူညံသည့် အိတ်ဇောများ တပ်ဆင်အသုံးမပြုရန်နှင့် ဆိုင်ကယ်နောက်ကြည့်မှန် တပ်ဆင်ရမည့်အပြင် ဆိုင်ကယ်နှင့်အတူ ယာဉ်လိုင်စင် (ဝှီးတက်) ပါရမည်ဖြစ်ကြောင်းလည်း သတ်မှတ်ထားသည်။







