မင်းပြား ဝါးတောင်စစ်ရှောင်ခစန်းတွင် အရေးပေါ်အကူအညီများ လိုအပ်နေ

မင်းပြား ဝါးတောင်စစ်ရှောင်ခစန်းတွင် အရေးပေါ်အကူအညီများ လိုအပ်နေ

မင်းပြားမြို့နယ်၊ လေးမြို့ချောင်းကမ်းအနီးရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အလှူရှင်များမရောက်ရှိသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေ၍ ယခု မိုးရာသီကာလတွင် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲရှိနေပြီး အရေးတကြီး အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကုလားမတောင်၊ ဘောင်းဒွတ်၊ ဆင်ကြီးပြင်၊ သလူချောင်း၊ ဒဂုန်၊ ငန်းတက်၊ တောင်ပုတ်ကေ ကျေးရွာတို့မှ လူဦးရေ ၁၆၀ ခန့် ခိုလှုံနေထိုင်လျက်ရှိသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ထားခြင်းဖြစ်သဖြင့် လက်ရှိတွင် အဆောင်များပြိုပျက်ကာ နေထိုင်ရေးအဆင်မပြေဖြစ်နေကြောင်း စခန်းတာဝန်ခံ ဆရာတော်ဦးဥတ္တရက မိန့်သည်။

"အဆောင်တွေက အဲဒီကတည်းက သစ်နဲ့ဝါးနဲ့ ဆောက်ထားတာဆိုတော့ ဒီထဲမှာ ကောင်းတဲ့သစ်တွေလည်းပါမယ်၊ မကောင်းတဲ့သစ်တွေလည်းပါမယ်။ ခေါင်မိုးတွေကလည်း ပျက်စီးနေပြီ။ လောလောဆယ်မာတော့ ဦးဇင်းတို့ ပြန်မဆောက်နိုင်သေးဘူး။ အဖွဲ့အစည်းတွေက လာထောက်ပံ့ပေးမှသာ ဆောက်နိုင်တော့မယ်။ ကုလသမဂဂ္ဂကလည်း တာပေါ်လင်စတွေနဲ့ ကြိုးခွေတွေပဲရောက်တော့။ တခြားလိုအပ်တဲ့ သစ်၊ ဝါးတွေမပါဘူး" ဟု မိန့်သည်။

လက်ရှိတွင် အဆောင်များပျက်စီးနေသဖြင့် စစ်ဘေးရှောင်များမှာ နေအိမ်တစ်အိမ်၌ မိသားစုနှစ်စုခန့် ရောထွေးနေထိုင်နေကြရပြီး မိုးရာသီဖြစ်သည့်အတွက် အခက်အခဲပိုဖြစ်သည်ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဒေါ်မယဉ်နုကပြောသည်။

"အိမ်တွေက ၂ နှစ်ကြာလာတော့ ပြိုပျက်နေပြီ။ အလှူရှင်တွေကလည်း မရောက်တော့ နှစ်အိမ်ပေါင်းပြီးမှ တစ်အိမ်ကို နီးစပ်ရာအိမ်တွေမှာကပ်ပြီး နေကြရတယ်။ မိုးရာသီ အိမ်တစ်အိမ်တည်းမှာ မိသားစုနှစ်စု ရောထွေးနေရတော့ ကျပ်တည်းစွာနေရတာပေါ့။ မိသားစုတစ်စု ထမင်းချက်ပြုတ်စားသောက်လို့ပြီးမှ နောက်မိသားစုတစ်စုက ချက်စားရတယ်။ အိပ်ရင်လည်း လူကြီးဆိုလူကြီး၊ ကလေးနဲ့ကလေးအမေတွေတစ်ခန်း အဆင်ပြေသလိုစုအိပ်ရတယ်" ဟု ၎င်းကပြောသည်။

ယင်းအပြင် ဝါးတောင်စစ်ရှောင်စခန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်) တစ်ခုကသာ ဆန်လစဉ်ထောက်ပံ့ပေးလေ့ရှိပြီး တစ်ခြားမည်သည့်အဖွဲ့အစည်း၊ အလှူရှင်များမှ လာရောက်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။

ဆရာတော်ဦးဥတ္တရက "လူကယ်ပြန်အဖွဲ့က ဆန်ထောက်ပံ့ရင် ဦးဇင်းတို့က သေကံ၊ အမ်းသားရွာ ဒါမှမဟုတ် မင်းပြားအထိသွားယူရတယ်။ သူတို့က ဒီဖက်ကိုမလာကြဘူး။ ဒီဒေသကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ပြောတာပဲ။ ဦးဇင်းလည်း အလှူရှင်တွေဆီက တဆင့်ကြားသိရတာပါ။ တချို့အဖွဲ့အစည်းတွေဆိုရင် လာလှူရှင်ပေမဲ့ အထက်က တားမြစ်ချက်တွကြောင့် မလာရဲဘူးလို့ပြောကြတယ်။ တကယ်လို့ သူတို့လာလိုက်လို့ အထက်လူကြီးတွေသိသွားမှာ စိုးတာကြောင့်လည်း ပါမယ်ထင်တယ်" ဟု မိန့်သည်။

ထိုသို့ အလှူရှင်များမရောက်ရှိသဖြင့် စစ်ဘေးရှောင်များမှာ မီးဖိုချောင်သုံးပစ္စည်းများနှင့် တခြားလိုအပ်သည်များဝယ်ယူရန် ဝါးခုတ်၊ ထင်းခွေသည့်အလုပ်ကိုလုပ်ကာ ရုန်းကန်နေရသည်ဟု မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ ဦးမောင်တင်ဝင်းက ဆိုသည်။

"ကျနော်တို့က ဆန်တခုပဲရတာ။ တခြား ဆီ၊ ဆား၊ ကြက်သွန်တွေဘာမှမရတော့ ကိုယ့်ဘာသာကို အပြင်မှာအလုပ်ထွက်လုပ်ပြီးရှာစားရတယ်။ အလုပ်ကလည်း ပုံမှန်မရှိဘူး။ ထင်းခွေ၊ ဝါးခုတ်ပြီး ဝယ်မဲ့သူတွေကိုလိုက်ရှာပြီး ရောင်းရတယ်။ တစ်ရက်နှစ်ရက်လုပ်ပြီးမှ ငွေတစ်သောင်းလောက်ရတော့ အဆင်ပြေသလို စားသောက်ရတယ်။ သားသမီးတွေကိုကျောင်းလိုက်ပို့ရင်လည်း စက်လှေနဲ့ သွားပို့ရတာဆိုတော့ ဆီစရိတ်နဲ့ဆို အဆင်မပြေဘူး" ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိခဲ့ပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းအရ သိရသည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...