ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ သွားလာလှုပ်ရှားနေခြင်းကြောင့် ရွာသူ/ရွာသားများ ထိတ်လန့်နေရ

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ သွားလာလှုပ်ရှားနေခြင်းကြောင့် ရွာသူ/ရွာသားများ ထိတ်လန့်နေရ

အခုတလော ချင်းပြည်နယ်မှာ စစ်ကောင်စီစစ်သားများဟာ ချင်းပြည်နယ်က လမ်းမကြီးများတလျှောက် ခြေကျင်ရော စစ်ကားများနဲ့ပါ နေ့တိုင်းလိိုလို သွားလာလှုပ်ရှားနေကြပါတယ်။ စစ်ရဟတ်ယာဥ်များနဲ့လည်း ခဏခဏ လာရောက်ကြပါတယ်။

သူတို့သွားလာရင်း လမ်းတစ်လျှောက်လုံး သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်ကာ သာမန်ပြည်သူများကို ထိတ်လန့်အောင် အဆက်မပျက် ပြုလုပ်နေပါတယ်။

ဒီနေ့ ဇွန်လ ၂၈ ရက်မှာလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်က နိင်ငံကျော်အဆိုတော် ဆလိုင်းဆွန်ကျဲအိုရဲ့ဇာတိ Locom ရွာမှာ စစ်တပ်အင်အား ၅၀ ခန့်က ရွာစာသင်ကျောင်းမှာ ဒီမနက် ၁၁ နာရီလောက်က လာရောက်တပ်စွဲလို့ အနီးအနားကျေးရွာ ၆ ရွာက အိမ်ခြေ ၁၅၀ ကျော်က ပြည်သူတွေ တောထဲမှာ ထွက်ပြေးခိုလှံကြရတယ်လို့ သတင်းတွေ့မိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အရင်နေ့တွေမှာလည်း ဖလမ်း-ကလေး လမ်းတစ်လျှောက် တောင်ပေါ်ကျေးလက်ရွာကလေးများကို ဖြတ်သန်းပြီး အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခြောက်လှန့်ကြရုံမက ရွာသားများရဲ့ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်လာကြပါတယ်။ လုမ်မ်ဘန်းရွာ၊ ဖလမ်းမြို့နယ်က ဆိတ်မွေးမြူရေးခြံနှစ်ခုမှ ဆိတ်နှစ်ကောင်ကိုလည်း စစ်ကောင်စီစစ်သားများက ပစ်သတ်ပြီး မဏိပူရမြစ်နားက ဗာရ်ရွာမှာ ချက်ပြုတ်စားသောက် ပျော်ပါးကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် လမ်းမကြီးများတစ်လျှောက် ခြေကျင်ရော၊ ကားများနဲ့ပါ သွားလာလှုပ်ရှားနေသော စစ်ကောင်စီစစ်သားများနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ပြည်သူတစ်ဦးက "ဒါဟာ သူတို့ချင်းပြည်နယ်ဒေသ ပထဝီမြေအနေအထားကို လက်တွေ့ကွင်းဆင်းလေ့လာနေတယ်လို့ မြင်ပါတယ်။ သူတို့ ခြေကုတ်ယူဖို့ ကြိုးစားနေတယ်လို့လည်း မြင်ပါတယ်" လို့ သူ့အမြင်ပြောပြသွားပါတယ်။

စစ်ကောင်စီစစ်သားများက ဆိတ်နှစ်ကောင်ပစ်သတ်ခဲ့တဲ့ နေရာအနားတဝိုက်က ရွာတစ်ရွာအနီးမှာ သိပ်မကြာသေးခင်က CNDF မှ စစ်ကောင်စီတပ်ဖွဲ့ကို ပျောက်ကြားတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဖက်က လေးယောက်သေဆုံးပြီး ကျန်အသက်ရှင်ကျန်သူများ ထွက်ပြေးသွားကြပြီး  CNDF ဖက်မှ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ပါတယ်။ အခုအချိန်ထိ တောင်ပေါ်က ကျေးရွာငယ်လေးအများစုမှာ လျှပ်စစ်မီးမရသေးသလို ဖုန်းလိုင်း အင်တာနက်လိုင်းများလည်း တော်တော်မကောင်းတဲ့အခြေအနေမှာ ရှိနေပါတယ်။

ချင်းပြည်နယ်က လမ်းမတွေမှာ အခုတလော စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ခြေကျင်တစ်မျိုး၊ ကားနဲ့တစ်မျိုး သွားလာနေပြီး ကျေးရွာလူထုကို ကြောက်လန့်အောင်ပြုလုပ်တာကြောင့် ရွာသူရွာသားအတော်များများ ထိတ်လန့်နေရပါကြောင်း အသိပေးရေးသားလိုက်ပါတယ်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...