ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်မှုမရှိတော့သဖြင့် စခန်းအတွင်း သွားလာခွင့်ပြန်လည်ဖွင့်ပေး

ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်မှုမရှိတော့သဖြင့် စခန်းအတွင်း သွားလာခွင့်ပြန်လည်ဖွင့်ပေး

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ထမ့်ဟင်ဒုက္ခသည်စခန်းတွင် လက်ရှိ ကိုဗစ်ရောဂါပိုးကူးစက်မှု မရှိတော့သည့်အတွက် ဇွန်လ ၂၂ ရက်နေ့မှစတင်၍ စခန်းအတွင်း သွားလာမှုများကို ပြန်လည်ခွင့်ပြုပေးလိုက်သည်ဟု စခန်းတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှစတင်၍ ဇွန်လ ၁၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၃၁) ဦးရှိခဲ့ကာ ဇွန်လ ၂၂ ရက်နေ့တွင် လက်ကျန်ကိုဗစ်လူနာ ၁၃ ဦး နောက်ဆုံး ဆေးရုံမှဆင်းခွင့်ရပြီးနောက်ပိုင်း ထပ်မံကူးစက်ခံရသူမရှိတော့ကြောင်း သိရသည်။

စခန်းအတွင်း ယခုလို ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်သည့် အခြေအနေရှိပြီးဖြစ်သည့်အတွက် ယခင်က Lock Down ချထားသည့် နေအိမ်များ အားလုံးကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ကာ စခန်းအတွင်းသွားလာလှုပ်ရှားမှုကိုလည်း ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

၎င်းက “ဆက်လက်ကူးစက်တာတွေမရှိတော့ အခြေအနေက ကောင်းသွားပြီးပေါ့။ အဲဒါကြောင့် အိမ်ပြင်ထွက်ရင်ထွက်ခွင့်ပေးတာတို့၊ စျေး ထွက်ဝယ်တာတို့က ပြန်ခွင့်ပြုပေးလိုက်ပြီးပေါ့။ ဒါပေမယ့် စခန်းအတွင်းမှာပဲ သွားလာခွင့်ရတာ၊ စခန်းအပြင်ဘက်မှာတော့ ထွက်သွား/ထွက်လာ ခွင်မပြုဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စခန်းအတွင်း ကိုဗစ်ကူးစက်မှုမရှိသော်လည်း ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု ဆက်လက်ပြန့်ပွားနေဆဲဖြစ်သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုက္ခသည်စခန်းအပြင်ဘက်သို့ အဝင်/အထွက်သွားလာခွင့်ကို ထိုင်းအာဏာပိုင်ဘက်မှ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာသူများကို တွေ့ရှိပါက Quarantine ၁၅ ရက်ဝင်ရသည့်အပြင် ပြစ်ဒဏ်ပေးခြင်းလည်း ခံရမည်ဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရခါစသာရှိသေးသည့်အတွက် စခန်းအတွင်းရှိနေထိုင်သည့် ကလေးငယ်များအတွက် စာသင်ကျောင်း ပြန်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် အမှတ် (၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် စုစုပေါင်း ဒုက္ခသည်စခန်း (၉) ခုရှိပြီး လူဦးရေ ၉၀၀၀၀ (ကိုးသောင်း) ကျော် ခိုလှုံနေလျက်ရှိသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...