သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် စညှင်းစစ်ဘေးရှောင်စခန်းကို အလှူရှင်များ၏အကူအညီဖြင့် ဆောက်လုပ်နေ

သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် စညှင်းစစ်ဘေးရှောင်စခန်းကို အလှူရှင်များ၏အကူအညီဖြင့် ဆောက်လုပ်နေ
ဓါတ်ပုံ - ဦးဇင်းသဘာဝနဒီ
ဓါတ်ပုံ - ဦးဇင်းသဘာဝနဒီ

လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခန်းကို ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် ပြည်လည်ဆောက်လုပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်အတွင်း မိုးအဆက်ပြတ်ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် စညှင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ် ၃၀ ခန့်ပျက်စီးသွားပြီး ယင်းထဲမှ တဲအိမ် ၁၂ လုံးမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် တဲအိမ် ၁၀ ကျော်ခန့်ကို အကြမ်းအားဖြင့်သာ ဆောက်လုပ်ပြီးစီးကာနေပြီဖြစ်ကာ အဆိုပါတဲအိမ်များတွင် ဒုက္ခသည်များနေထိုင်ရန် ဆောင်ရွက်ပေးထားကြောင်း စခန်းတာဝန်ခံ သဘာဝနဒီကပြောသည်။

“အခုဆောက်လုပ်နေတာက ၅ ရာခိုင်နှုန်းလောက်ပဲပြီးစီးတယ်လို့ ပြောလို့ရမယ်။ ဝါးအခင်းတော့ ပြီးပြီ၊ အကာမရှိသေးဘူး။ မိုးတွင်းကာလည်းဖြစ်တယ်။ မိုးကလည်း အလွန်ရွာနေတော့ အရေးအခြေအနေအရ တာလာပတ်တော့ ကာတားတယ်” ဟု ဦးဇင်းသဘာဝနဒီက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ခြင်ထောင်အရေးပေါ်လိုအပ်နေပြီး ဆန်စားနှင့်ရိက္ခာမှာလည်း ၁၅ ရက်စာအတွက်သာ ကျန်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် စညှင်း၊ ဟင်းခရော်၊ အင်ကြင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ယင်းစခန်းတွင် ယခင်စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ခိုလှုံခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေသည့်အတွက် နေရပ်ပြန်သွားကြသူများရှိသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၈၀ ကျော်ရှိသည်။

စညှင်းစစ်ဘေးရှောင်စခန်းသည် အစိုးရမှအသိအမှတ်ပြုစာရင်းထဲတွင် မပါအဝင်သည့်အတွက် ယင်းစခန်းမှ ဒုက္ခသည်များမှ လူမှုကူညီရေးအသင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုကိုသာ အားထားကြရသည်။

ယင်းကြောင့် မကြာခဏ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့ရသည်။

“ကျွန်မတို့အတွက် စားဝတ်နေရေးက အခက်အခဲအများကြီးကြုံရတယ်။ ရိက္ခာပြတ်တဲ့အချိန်မှာဆိုရင် တစ်ယောက်မှာရှိတာကို အကုန်လုံးခွဲဝေစားသောက်ရတယ်။ တောင်ပေါ်ကိုလည်းတက်လို့မရ ဖြစ်သလိုစားသောက်နေရတယ်” ဟု စညှင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် ဒေါ်မာမာအေးက ပြောသည်။

စစ်ညှင်းစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က မြောက်ဦးမြို့ မြတန်ဆောင်းဖောင်ဒေးရှင်းအဖွဲ့နှင့် ရက္ခိုင်ရဟန်းတော်များအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က စညှင်းစစ်ဘေးရှောင်စခန်းအား ဖယ်ရှားပေးရန် တပ်မတော်မှ သုံးကြိမ်တိုင်တိုင် ပြောဆိုမှုများရှိခဲ့သော်လည်း စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကြောင့် မပြောင်းရွေ့ဘဲ လက်ရှိအချိန်ထိ နေထိုင်နေကြခြင်းဖြစ်သည်။

စညှင်းစခန်းဘဲရှောင်စခန်းမှာ ယခင်အစိုးရလက်ထက်တွင်လည်း တရားမဝင်စခန်းအဖြစ် သတ်မှတ်ထားခဲ့ပြီး လက်ရှိ စစ်ကောင်စီလက်ထက်တွင် အစိုးရအသိအမှတ်ပြုရန် ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲငြိမ်သက်နေချိန်တွင် စစ်ရှောင်စခန်းအသစ်ခုအဖြစ် လက်ခံရန်မဖြစ်နိုင်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းပြောဆိုကြောင်း သဘဝနဒီက ၎င်း၏ပြောကြားချက်ကို ပြန်လည်ပြောဆိုသည်။

“ဒီစခန်းက စစ်ဘေးရှောင်တွေက လူသားတစ်ယောက်ရဲ့အခွင့်အရေး ဆုံးရှုံးနေရတယ်” ဟု ဦးဇင်းသဘာဝနဒီက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း တိုက်ပွဲများရပ်တန့်နေသဖြင့် နေရပ်သို့ပြန်ချင်သော်လည်း ကျေးရွာအနီး တပ်မတော်မှ တပ်စွဲထားသည့်အတွက် ရွာကိုမပြန်နိုင်သေးကြောင်း စညှင်းစစ်ဘေးရှောင်စခန်းခိုလှုံနေသည့် အင်ကြင်းကျေးရွာမှ ဦးတင်ဝင်းအောင်က ပြောသည်။

“ကိုယ့်ရွာကိုတော့ ပြန်ချင်တာပေါ့။ ကျွန်တော်တို့ လယ်မလုပ်ရတာ တစ်နှစ်ရှိပြီ ပြီးခဲ့တဲ့နှစ်ကလည်း စပါးရိတ်သိမ်းချိန် တိုက်ပွဲတွေဖြစ်လို့ မရိတ်ဘဲထားပြီး ထွက်ပြေးလာခဲ့ရတယ်။ တပ်မတော်က ကျေးရွာအနီးတပ်စွဲလို့ရှိနေသရွေ့ ကျွန်တော်တို့အပြန်ရဲဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ရှစ်လခန့် ကြာမြင့်နေပြီဖြစ်သည်။

တိုက်ပွဲများငြိမ်သက်နေသည့်အတွက် ဒုက္ခသည်တစ်ချို့ နေရပ်ပြန်သွားကြသော်လည်း အများစုက နေရပ်မပြန်ဘဲရှိနေကြပြီး စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...