မန္တလေးပစ်ခတ်မှုတွင် PDF ကျဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်ချက်လွဲမှား၊ သာမန်အရပ်သားများ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းကို PDF ဟု စာရင်းပြ

မန္တလေးပစ်ခတ်မှုတွင် PDF ကျဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်ချက်လွဲမှား၊ သာမန်အရပ်သားများ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းကို PDF ဟု စာရင်းပြ

မန္တလေးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား ဖြစ်ပွားသော ယမန်နေ့ကတိုက်ပွဲတွင် ကျဆုံးသော PDF အရေအတွက်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီက စာရင်းပိုပြခဲ့သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ Apex ပုဂ္ဂလိကကျောင်း အဆောက်အဦထဲတွင်ရှိနေသော PDF အဖွဲ့ဝင်များကို စစ်ကောင်စီတပ်များက ပိတ်ဆို့စီးနင်းမှုများလုပ်နေချိန်တွင် ၅၃ လမ်းပေါ်တွင်လည်း စစ်သားများက အိမ်စီးကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုမှလွတ်ရန် မောင်းပြေးသောအိမ်စီးကားတစ်စီးသည် လမ်းဘေးထရန်စဖော်မာကိုတိုက်မိပြီး ကားပေါ်ပါသူလေးဦး သေဆုံးသွားခဲ့သည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ နေပြည်တော်က ထုတ်ပြန်ချက်တွင် "ပါကျဲရိုးအဖြူရောင် မော်တော်ယာဉ်တစ်ီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့" ဟု ပါရှိသည်။

"၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာအား အရှိန်ဖြင့်ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား သေဆုံးလျက်ရှိသော အကြမ်းဖက်သူလေးဦးနှင့်အတူ သိမ်းဆည်းရမိသည်" ဟုလည်း ဆက်လက်ရေးသားထားသည်။

သို့သော် ထရန်စဖော်မာပုံးကို ပါကျဲရိုးဖြင့်ဝင်တိုက်မိ၍ သေဆုံးသွားသူများသည် PDF အဖွဲ့ဝင်တွေမဟုတ်ဘဲ သာမာန်အရပ်သားများသာဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များ မန္တလေးဒေသခံများက မဇ္ဈိမသို့ပြောသည်။

“သူတို့က PDF နဲ့လုံးဝမဆိုင်ဘူး၊ သာမာန်စီးပွားရေးလုပ်တဲ့သူတွေဘဲ၊ ပလောင် (တအောဝ်) လူမျိုးသုံးယောက်နဲ့ တရုတ်လူမျိုးတစ်ယောက်၊ တစ်ယောက်ဆို မင်္ဂလာဆောင်ထားတာ တစ်လတောင်မပြည့်သေးဘူး” ဟု သေဆုံးခဲ့ရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

သေဆုံးသူများမှာ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းဘက်က တအောင်း (ပလောင်) လူမျိုးများဖြစ်ကြသည့် မိုင်းနိုင်လိုင်း၊ မိုင်းနိုင်ထွန်းကြည်၊ မိုင်းချင်းဆွေနှင့် မန္တလေးမြို့နေ တရုတ်လူမျိုး အားတီတို့ဖြစ်သည်။

၎င်းတို့လေးဦးလုံးသည် မန္တလေးတွင် စီးပွားရေးအတူလုပ်နေကြသူများဖြစ်ကြကာ အင်္ဂါနေ့နံနက်က မန္တလေးမှသည် စဉ့်ကိုင်ဘက်ရှိ ကြက်ခြံလုပ်ငန်းများသွားကြည့်ရန် ကားဖြင့်ထွက်လာခိုက် တိုက်ပွဲဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေခဲ့ရာ ကားကို ပြန်လှည့်ထွက်သော်လည်း စစ်သားများက အနောက်ကနေ လိုက်ပစ်ခြင်းသာဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“အလောင်းတွေက ပြန်မရသေးဘူး၊ စစ်ကောင်စီဘက်က ကားထဲမှာ လက်နက်ပါတယ်ဆိုပြီး စွပ်စွဲထားတယ်၊ ကျွန်တော့ညီ အဲဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘယ်မှာထားတယ်ဆိုတာလဲ မသိရသေးဘူး၊ လက်နက်ပါတယ်စွပ်စွဲထားတော့ အခက်အခဲတွေရှိနေတာပေါ့၊ ဖြစ်လည်းဖြစ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့က ရုပ်အလောင်းတွေကိုပဲ ပြန်ရချင်တယ်” ဟု ပြောသည်။

မန္တလေး PDF ဘက်ကထုတ်ပြန်ချက်တွင်လည်း တိုက်ပွဲကြောင့် PDF နှစ်ဦးကျဆုံးပြီး ခြောက်ဦးအဖမ်းခံခဲ့ရသည်ဟုသာ ပါရှိသည်။

စစ်အုပ်စုဘက်ကတော့ အခင်းဖြစ်ပွားမှုနှစ်ခုကို ပေါင်းစပ်ဖော်ပြထားပြီး ပထမဖြစ်စဉ်တွင် PDF လေးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီးမိသည်ဟုဆိုသည်။ ဒုတိယဖြစ်စဉ်တွင်တော့ လေးဦးသေဆုံးသည်ဟု ပါရှိသည်။

သို့သော် စစ်အုပ်စုဘက်ကပင်ထွက်ရှိလာသော ဓာတ်ပုံတစ်ခုတွင် အဆောက်အဦတွင် လက်ပြန်ကြိုးတုပ်မှောက်ခိုင်းထားသည့် အဖမ်းခံထားရသူနှင့် သေဆုံးသူအားလုံးပေါင်းမှာ ရှစ်ဦးသာရှိသည်။

အဆိုပါဓာတ်ပုံသည် အစစ်ဖြစ်ကြောင်း ကျောက်ဆည် PDF ဘက်က မဇ္ဈိမကို အတည်ပြုပြောထားသည်။ အဖမ်းခံရသူများတွင် ကျောက်ဆည် PDF အဖွဲ့ဝင် နှစ်ဦးပါဝင်သည်ဟုလည်း သိရသည်။

 
 

 

 

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...