လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် လောင်းကစားဝိုင်းများ နေ့ညမပြတ် ဖွင့်လှစ်နေ

လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် လောင်းကစားဝိုင်းများ နေ့ညမပြတ် ဖွင့်လှစ်နေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့တွင် နယ်ခံနယ်ခြားစောင့်တပ် (BGF) အဖွဲ့နှင့် ကျေးရွာတဝန်ခံများကဦးဆောင်ပြီး လောင်းကစားဝိုင်းများ နေ့ညမပြတ် ဖွင့်လှစ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ရွာခံနယ်ခြားစောင့်တပ် (BGF) မှ ဒေသခံအခေါ် ဗိုလ်ကြီးဦးမီးတပို (ခ) ကဘောင်ယူ၊ ဗိုလ်ကြီးကိုလှသိန်းနှင့် ကျေးရွာတာဝန်ခံတို့ဦးဆောင်ပြီး လှိုင်းဘွဲမြို့နယ်ရှိ ကြို့ချောင်းစံပြကျေးရွာနှင့် ဝဲလှကျေးရွာ ကြားတစ်နေရာတွင် ပြီးခဲ့သည့် မေလပထမအပတ်မှစ၍ ယခုအချိန်ထိ ကြက်ဝိုင်းနှင့် အံကလုံလောင်းကစားဝိုင်းများကို ဖွင့်လှစ်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက "ကြက်ဝိုင်းတွေရှိတာ တစ်လပြည့်တော့မယ်။ အဲ့ဒီကြက်ဝိုင်းကို ဗိုလ်ကြီးမီးတပိုနာမည်နဲ့တပ်ပြီး လုပ်ထားတယ်။ နေရာကတော့ ဂျို့ချောင်းနဲ့ ဝဲလှသွားတဲ့ကြားမှာလုပ်တယ်။ အခုလောလောဆယ် အံက လုံဝိုင်းလည်းထောင်ထားတယ်။ ကန်ထရိုက်ကို ဗိုလ်မှူးလှသိန်းက ယူထားတယ်။ တခြားရွာတွေက ဒီလိုမျိုးမှမရှိတာ။ ဒီရွာကလူတွေတော့ ကြက်ဝိုင်းထောင်ထားပေမယ့် သိပ်မသွားကြဘူး" ဟု ၎င်းကပြောသည်။

အဆိုပါ ကြက်ဝိုင်းနှင့် အံကလုံ လောင်းကစားဝိုင်းများကို ယခင်က BGF တပ်စခန်းအနောက်တွင် လက်ခံကျင်းပသော်လည်း အများပြည်သူများသွားလာသည့် လမ်းမကြီးဘေးတွင်ရှိသည့်အတွက် လူမြင်ကွင်းနှင့်ဝေးရာ ဝဲလှသွားရာလမ်းဘက်ခြမ်းကို ပြောင်းရွှေ့ကျင်းပထားကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာအတွင်း ယခုလိုလောင်းကစားဝိုင်းကို လက်ခံကျင်းပခြင်းအပေါ် ဒေသခံများက လိုလားခြင်းမရှိသလို ဒုစရိုက်မှုများဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

လက်ရှိတွင် ကိုဗစ်ကူးစက်မှုများရှိနေသည့်အတွက် ၎င်းလောင်းကစားဝိုင်းကို နယ်စုံမှရောက်လာကြသည့် ပြင်ပလူများမှာလည်း ကိုဗစ်ဆိုင်ရာ ကာကွယ်မှုမရှိသည့်အပေါ် ကိုဗစ်ရောဂါကူးစက်မည်ကိုလည်း စိုးရိမ်နေကြသည်ဟု အခြားဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက "ရွာသူရွာသားတွေကတော့ မကြိုက်ကြဘူး။ ပြဿနာတွေဖြစ်မှာ စိုးရိမ်ကြတာပေါ့။ လာတဲ့သူတွေကလည်း နယ်စုံတယ်။ ကစားပွဲမှာရှုံးလာရင် ဒီအနီးအနားတဝိုက်မှာ ဒုစရိုက်မှုတွေ ဖြစ်လာနိုင်တယ်လေ။ အဲ့လိုပြဿနာတွေလည်း အရင်ကဖြစ်ဖူးတယ်။ အခုဆိုရင်လည်း ကိုဗစ်ပိုးကူးစက်လူနာတွေကို ဖားအံမှာတောင် တွေ့လာပြီဆိုတော့ လာတဲ့လူတွေထဲမှာ မပါလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ ကြက်ဝိုင်းတွေဆိုရင် လူတအားရှုပ်တယ်။ လာတဲ့လူတွေကလည်း နှာခေါင်းစည်းတောင်မတပ်ကြဘူး" ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများတွင် ဒေသခံများက သွားရောက်ကစားခြင်းမရှိဘဲ ဒေသခံမဟုတ်သည့် ဖားအံ၊ ရွှေဂွန်း၊ လှိုင်းဘွဲနှင့် သထုံ စသည့်မြို့များမှ လောင်းကစားဝါသနာရှင်များက လာရောက်ကစားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုရွာများရှိ အံကလုံဝိုင်းများကို BGF တပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကာ ညစဉ်ညတိုင်းကျင်းပလျက်ရှိပြီး ကြက်ဝိုင်းကိုမူ အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့တွင် မိုးလုံလေလုံဖြင့် စီစဉ်ကျင်းပလျက်ရှိသည်။

ကရင်ပြည်နယ်၏ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း မြို့ပြင်ရပ်ကွက်အချို့တွင် ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဦးဆောင်ပြီး အာဝါဒေး လောင်းကစားဝိုင်းများ အလားတူ ဖွင့်လှစ်လျက်ရှိသည်ဟု သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...