ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ တိမ်ညိုတံတားဟောင်း ပြိုကျ

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ တိမ်ညိုတံတားဟောင်း ပြိုကျ
ဓာတ်ပုံ - ခိုင်မင်းသျှင်
ဓာတ်ပုံ - ခိုင်မင်းသျှင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်မှ တိမ်ညိုတံတားဟောင်းသည် ပြိုကျသွားကြောင်း သိရသည်။

အဆိုပါတံတားဟောင်းသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ နံနက်အရုဏ်ချိန်တွင် ပြိုကျသွားခြင်းဖြစ်ပြီး လူအသုံးမပြုတော့သည့် တံတားဖြစ်၍ ထိခိုက်မှုမရှိခဲ့ဟု တိမ်ညိုရွာသားများက ပြောသည်။

“မြောက်ဦးဘက်ကလာတဲ့အပိုင်း ပြိုကျသွားတာပါ။ ဒီနေ့မနက်အထိလည်း အဲဒီအတိုင်း တွဲလောင်းရှိနေဆဲပါ။ အလယ်ကပြိုတာမဟုတ်တော့ စက်လှေတွေဘာတွေသွားလို့လည်း ရပါတယ်။ အခက်အခဲမရှိပါဘူး” ဟု တိမ်ညိုရွာသား ဦးမောင်ငန်းက နိရဥ္စရာကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါတံတားဟောင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်အဝါဆောင်းထားသူအချို့က ဝက်အူလှည့်များကို ဖြုတ်နေသည်ကိုတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ပြိုကျသွားခြင်းဖြစ်သည်ဟု ဦးမောင်ငန်းက ဆက်ပြောသည်။

“ဘယ်အဖွဲ့ကလူတွေတော့မသိဘူး။ သူတို့ သံဘောင်တွေက ဝက်အူတွေကို ဖြုတ်တယ်။ ကျနော်တို့တောင် သူတို့ တံတားကို ဖြိုဖို့လာပြီလားမသိဘူးဆိုပြီး ကြည့်ခဲ့သေးတယ်။ နောက်တစ်နေ့ကျတော့ ကမ်းပါးနားကနေပြီး ကျိုးကျသွားတာ။ သူတို့တွေ အဲလိုဖြုတ်ပစ်ခဲ့လို့ ပြိုကျသွားတာလား အဲလိုတော့ ခန့်မှန်းနေကြပါတယ်” ဟု သူကဆိုသည်။

အဆိုပါတံတားဟောင်းမှာ RPT သံပေါင်နှင့် တစ်လမ်းမောင်းတံတားအမျိုးအစားဖြစ်သည်။

ယင်းတံတား ကြံ့ခိုင်မှုအားနည်းလာ၍ တံတားဟောင်းနှင့်ကပ်လျက် တံတားသစ်တစ်စင်းကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အစိုးရက စတင်ဆောက်လုပ်ပေးထားသည်။

ယင်းတံတားသစ်သည် RC နှစ်လမ်းသွားတံတားအမျိုးအစားဖြစ်ပြီး အရှည်ပေ ၃၆ဝ၊ တံတားအကျယ် ပေ ၃ဝ နှင့် တစ်ဘက်လျှင် လူသွားလမ်း ၃ ပေစီ ပါရှိသည်။

ကျပ် ၂၂၈ဝ သန်းအကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၊ အစောပိုင်းတွင် ဖွင့်လှစ်အသုံးပြုလျက်ရှိနေသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...