AA က နှစ်ရက်အတွင်း ပြန်လွှတ်ပေးသူ ၂၃ ဦးရှိ

AA က နှစ်ရက်အတွင်း ပြန်လွှတ်ပေးသူ ၂၃ ဦးရှိ

ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ရက္ခိုင့်တပ်တော် (AA) က နှစ်ရက်အတွင်း ပြန်လွှတ်ပေးလိုက်သူမှာ ၂၃ ဦးရှိသွားပြီဟု သတင်းရရှိသည်။

အဆိုပါ ၂၃ ဦးထဲမှ ၁၇ ဦးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတွင် တပ်မတော် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁ဝ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်ဇော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဥ္စရာသို့ အတည်ပြုပြောသည်။

ယင်း ၁၇ ဦးတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၄ ဦးပါဝင်ပြီး ကျန် ၃ ဦးမှာ စစ်မျက်နှာအသီးသီးမှ ဖမ်းဆီးထိန်းသိမ်းထားသူများဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။

“ဒီနှစ်ရက်အတွင်း ကျွန်တော်တို့ဘက်က လွှတ်ပေးတာ စုစုပေါင်း နှစ်ဆယ့်သုံးယောက်ပေါ့နော်။ အဲဒီ ၁၇ ယောက်မှာ ရွှေနဒီဖြစ်စဉ်မှာ ထိန်းသိမ်းထားပြီးတော့ နောက်ဆုံးလွှတ်ဖို့ကျန်နေတဲ့ တစ်ဆယ့်လေး ယောက်ပေါ့နော်။ အဲဒီ တစ်ဆယ့်လေးယောက်ကို လွှတ်ပေးလိုက်တယ်။ နောက်ပြီးတော့ စစ်မျက်နှာ အမျိုးမျိုးကနေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ကပန်းတွေထဲက အသက်ကြီး ကျန်းမာရေးမကောင်းတဲ့သူ သုံး ယောက်ပေါ့။ စုစုပေါင်း ၁၇ ယောက်ကို လွှတ်ပေးလိုက်တာဖြစ်တယ်” ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ကလည်း အရာရှိအချို့ပါဝင်သည့် တပ်မတော်သား ၆ ဦးကို မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် AA က တပ်မတော်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ အပြန်အလှန်ဆက်သွယ်ပြီးတော့မှ မြန်မာ့တပ်မတော်ဘက်က လာယူတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်ဘဲ လွှတ်ပေးလိုက်တာဖြစ်တယ်။ ဒီဟာကတော့ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေပေါ်မှာ ကျွန်တော်တို့ဘက်ကလည်း ပြန်လွှတ်ပေးတာ ဖြစ်တယ်ဗျ” ဟု ပြောသည်။

ယခုလွှတ်ပေးခဲ့သူ ၂၃ ဦးတွင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် ရဲဝန်ထမ်းများအပြင် တပ်မတော်အရာရှိများပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းခဲ့သူ စုစုပေါင်း ၅၈ ဦးရှိပြီး ယင်းအထဲတွင် ရဲဝန်ထမ်းများနှင့် တပ်မတော်သားများအပြင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့အပါအဝင် အရပ်သားအချို့တို့ပါဝင်ခဲ့သည်။

၄င်းတို့ကို စက်လှေဖြင့် အမြန်ရေယာဉ်ပေါ်မှ ခေါ်ဆောင်သွားစဉ် တပ်မတော်က ရဟတ်ယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ AA တပ်ဖွဲ့ဝင်အချို့နှင့် ဖမ်းဆီးခေါ်ဆောင်လာသူများထဲမှ အချို့မှာ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများရှိခဲ့ကြောင်း ယင်းအချိန်က AA က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးသွားသူများထဲမှ ၂၅ ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာတွင် AA က လွှတ်ပေးခဲ့သည်။

လက်ရှိတွင် ရွှေနဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူများ AA ၏လက်ထဲတွင် မရှိတော့ကြောင်း ဦးခိုင်သုခက ပြောသည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...