အချင်းချင်းအကြား ပစ်ခတ်မှုများကို အလုပ်အဖွဲ့ဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များ ဆုံးဖြတ်

အချင်းချင်းအကြား ပစ်ခတ်မှုများကို အလုပ်အဖွဲ့ဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များ ဆုံးဖြတ်

ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖြေရှင်းရန် ညီညွတ်ရေးကော်မတီ၏ အလုပ်အဖွဲ့ကိုဖွဲ့စည်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန်လ ၁၆ ရက်) က ပြုလုပ်ပြီးစီးခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးမှုအပြီး ဆုံးဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ကရင်လက်နက်ကိုင်များညီညွတ်ရေးကော်မတီ ဦးဆောင်၍ ဇွန်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ လေးဝါးဌာနချုပ်တွင် ကရင့်လက်နက်ကိုင် ၄ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ညီညွတ်ရေး ကော်မတီ၏ အတွင်းရေးမှူး ပဒိုစောအောင်မော်အေးက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ အချင်းချင်းကြားမှာ ပိုပြီး နားလည်ယုံကြည်မှုရှိလာအောင် စည်းလုံးညီညွတ်ရေးကော်မတီရဲ့ အလုပ်အဖွဲ့ကို ဒီအစည်းအဝေးမှာ ဖွဲ့စည်းလိုက်တယ်။ ပြီးရင် ကျနော်တို့ ၃ လတစ်ကြိမ်လား၊ ၆ လတစ်ကြိမ်လား ပုံမှန်တွေ့ကြမယ်။ အဲ့လိုတွေ့ကြခြင်းဖြင့် ကျနော်တို့အကြားက ဖြစ်ပွားနေတဲ့ပဋိပက္ခကို ဖြေလျှော့နိုင်မယ်။ နားလည်မှုပိုရကြမယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) မှ ကိုယ်စားလှယ် ၅ ဦးမှ ၇ ဦးအထိ ပါဝင်သွားမည်ဖြစ်သလို KNU ဘက်မှလည်း တပ်မဟာအလိုက် ၃ ဦးစီ ပါဝင်သွားမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးပွဲသို့ KNU ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးများအပါအဝင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ DKBA ဒုတိယစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောစတီးလ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ KNU/ KNLA-PC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့သည်ဟု သိရသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် ၎င်းအစည်းအဝေးတွင် လတ်တလောဖြစ်ပေါ်နေသည့် ကရင်လက်နက်ကိုင်အချင်းချင်းအကြား ပစ်ခတ်မှုအပြင် အထူးသဖြင့် KNU နှင့် BGF အကြား ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆွေးနွေးခဲ့ကြသလို ဝေါ်လေဒေသ သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယခုအစည်းအဝေးပွဲနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏ ပြောခွင့်ရ နော်ဝါးခူရှီးက “ဒီ ညီညွတ်ရေးကော်မတီအနေနဲ့က စစ်ကောင်စီကနေ နယ်မြေတိုးချဲ့လာမှုတွေ၊ တိုင်းရင်းသားလူထုကို နှိပ်စက်သတ်ဖြတ်နေတာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာတွေကို ပြောဆိုဆွေးနွေးတာမျိုး မကြားရတော့ သူတို့ရဲ့ ညီညွတ်ရေးက လက်နက်ကိုင်အချင်းချင်းကြား ညီညွတ်ရေးအတွက်ပဲလား၊ ရန်သူကို အပြုတ်တိုက်ဖို့လား ဒါက ရှင်းလင်းမနေဘူး။ အဲ့တော့ ကျမတို့မျှော်လင့်တာက အခု လက်နက်ကိုင်ထားတယ်ဆိုတာက ကိုယ့်ပြည်သူကိုကာကွယ်ဖို့ ကိုယ့်နယ်မြေကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့အတွက် ဖြစ်စေချင်တာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီနှင့် KNLA တပ်ဖွဲ့ဝင်အကြား တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကောင်စီဘက် အင်အားဖြည့်တင်းပေးသည့် BGF တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များအကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

အလားတူ ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း ခွဲထွက် (DKBA) တပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့်အဖွဲ့နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်းတိုက်ပွဲ၌ BGF ဘက်မှ ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

ကရင်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှုမဖြစ်ရန်နှင့် မူးယစ်ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန်ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင် (၁၇) ဦးဖြင့် ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...