မိုးရာသီ ဆက်လက်နေထိုင်ရေး စစ်ရှောင်စခန်းများဆောက်လုပ်ရန် အရေးပေါ်လိုအပ်နေ

မိုးရာသီ ဆက်လက်နေထိုင်ရေး စစ်ရှောင်စခန်းများဆောက်လုပ်ရန် အရေးပေါ်လိုအပ်နေ

ပြီးခဲ့သည့်နှစ်များက ဆောက်လုပ်နေထိုင်နေကြသည့် စစ်ရှောင်ယာယီတဲအိမ်များကို လက်ရှိတွင် ပြန်လည်မွမ်းမံဆောက်လုပ်ပေးခြင်းမရှိပါက ယခုနှစ်မိုးရာသီနေထိုင်ရန် အလွန်အခက်အခဲဖြစ်မည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လူဦးရေ ၁၀၀၀ ကျော်ရှိသည့် အမ်းမြို့ အမှတ်-၂ စစ်ဘေးရှောင်စခန်းအတွင်း တဲအိမ် ၃၅ လုံးအား အရေးပေါ်ပြုပြင်ရန် လိုအပ်နေသည့်အတွက် တာဝန်ရှိသူများကို တင်ပြတောင်းဆိုထားသော်လည်း တစုံတရာထူးခြားလာခြင်းမရှိဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“အစိုးရ စစ်ဘေးရှောင်စခန်းဆိုပေမဲ့လည်း သူတို့ဆီက လုံလုံလောက်လောက် ထောက်ပံ့ပေးတာလည်းမရှိဘူး။ အရင်တုန်းကတော့ သူတို့အတွက် အပြင်ကအဖွဲ့အစည်းတွေက ထောက်ပံ့ပေးကြတယ်။ အခုက အဲ့ဒီလိုမျိုးလည်း မရှိတော့ဘူးဆိုတော့ တော်တော်လည်း အခက်အခဲဖြစ်နေတယ်။ ပြိုပျက်နေတဲ့အိမ်တွေကိုလည်း စစ်ဘေးရှောင်တွေအနေနဲ့ ပြန်လည်မဆောက်နိုင်ကြဘူး။ တာဝန်ရှိသူတွေကလည်း အခုချိန်ထိ အကြောင်းတစုံတရာ ပြောလာတာ မရှိသေးဘူးဆိုတော့ အခုမိုးရာသီ စစ်ဘေးရှောင်အတွက်တော့ အရမ်းကိုအခက်အခဲဖြစ်မှာပဲ” ဟုဆိုသည်။

တာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီပေးရာတွင် ဟန်ပြလုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ တာဝန်ယူမှုတာဝန်ခံမှုဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

မြောက်ဦမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ သိန်းကျော်မြက “ကျနော်တို့ဒေသက မြေလည်းနိမ့်တယ်။ ဒီရေလည်းတက်တယ်။ မိုးကလည်း အရမ်းရွာနေတော့ နေစရာနေရာမရှိဖြစ်နေပြီ။ အခန်းတွေကတော့ ရေမနစ်သေးပေမဲ့ အောက်ခြေတွေအကုန်လုံး နစ်နေပြီ အောက်မှာနေလို့မရတော့ဘူးဖြစ်နေတယ်။ ဒီထက်ပိုပြီး ရွာလာရင် ပိုပြီးအခက်အခဲဖြစ်လာမယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များမှာ အလှူရှင်များနည်းပါးလာခြင်း၊ အလုပ်အကိုင်များ ရှားပါးခြင်းကြောင့် လတ်တလော စားဝတ်နေရေးအဆင်ပြေရန် မိမိပိုင်ဆိုင်သည့် လက်ဝတ်ရတနာများကို ထုဆစ်ရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ် ဂူတာပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်စောမေက “တဲအိမ်တွေမှာ အကုန်လုံးမိုးယိုနေတယ်။ ဟိုကဖာ ဒီကဖာပြီး နေနေရတယ်။ ရေလည်းပြည့်နေတဲ့အတွက် ဒီထက်ပိုပြီးမိုးရွာလာရင် ဘယ်ကိုပြေးရမလဲဆိုတာကို တွေးနေမိတော့တယ်” ဟု ဆိုသည်။

စစ်ရှောင်ခစန်းတချို့မှာ လက်ရှိအာဏာပိုင်၏ အထောက်အပံ့နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ယခုလအတွက် စားနပ်ရိက္ခာအကူညီမရသေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း စသည့် စခန်းအသီးသီးမှ ပျက်စီးသွားသည့် တဲ့အိမ်များကို အလှူရှင်မရှိ၍ ဆောက်လုပ်နိုင်ခြင်းမရှိသေးပေ။

စစ်ဘေးရှောင်များ နေထိုင်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့်ပတ်သတ်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားခဲ့သော ၂ နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း တစ်သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

ပုံစာ - အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ နေအိမ်များ

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...