စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၃၇ ဦးအား ထပ်မံရုံးချိန်း၊ ရုပ်သိမ်းလွှာကျရန်များနေဟု ရှေ့နေပြော

စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၃၇ ဦးအား ထပ်မံရုံးချိန်း၊ ရုပ်သိမ်းလွှာကျရန်များနေဟု ရှေ့နေပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယနှင့် ဖမ်းဆီးပြီး အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၃၇ ဦးအား ထပ်မံရုံးချိန်းလိုက်ပြီး ရုပ်သိမ်းလွှာကျရန်များနေသည်ဟု ရှေ့နေကပြောသည်။

၎င်းတို့အမှုကို တရားလိုဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖဲဲွ့ထံ ရုပ်သိမ်းလွှာတင်ထားသည်ဟု သိရသော်လည်း တရားရုံးသို့ မရောက်သေးဟု အမှုလိုက်ရှေ့နေများက ပြောသည်။

တရားလွှတ်တော် ရှေ့နေဦးကျော်ညွန့်မောင်က "အထက်က ဆိုင်းငံ့ထားတယ်။ အမှုတော့မစစ်ဘူး။ ရုပ်သိမ်းလွှာကျဖို့များတယ်" ဟုပြောသည်။

အကြမ်းဖက်မှုများနှင့် တရားစွဲဆိုခံထားရသူ ၃၇ ဦးကို ယမန်နေ့ ဇွန်လ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်တွေခရိုင်ရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမှုအား စစ်ဆေးခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်းခဲ့သည်။

၎င်းတို့ ၃၇ ဦးသည် ယမန်နေ့ရုံးချိန်းတွင် လွတ်မြောက်လာမည်ဟု မျှော်လင့်စောင့်စားခဲ့ကြသော်လည်း လွတ်လာခြင်းမရှိ၍ ဝမ်းနည်းမိသည်ဟုလည်း မိသားစုဝင်များက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ဦးတင်ဖေ၏ ဦးလေးဖြစ်သူ ဦးအေးထွန်းသိန်းက "ကျွန်တော်တို့က ဒီနေ့ ရုံးချိန်းမှာ လွတ်မြောက်လာမယ်ထင်ပြီး မိသားစုဝင်တွေကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ လာခဲ့ကြတာပါ။ မနေ့က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီတို့ လွတ်မြောက်လာတဲ့အတွက် သူတို့တွေကိုလည်း လွတ်လာမယ်လို့ မျှော်လင့်တာပါ။ အခု ထင်ထားသလို မဖြစ်လာတော့ ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး" ဟု နိရဥ္စရာသတင်းဌာနကို ယမန်နေ့ကပြောသည်။

ယမန်နေ့က ရုံးထုတ်ရာတွင် မြောက်ဦးမြောက်နယ် လက္ကာကျေးရွာမှ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ အမျိုးသား ၂ ဦး၊ တောကန်ကျေးရွာမှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ၅ ဦး၊ အိုင်းဒင်ကျေးရွာမှ ၂ ဦးနှင့် သာစည်ကျေးရွာမှ ၃ ဦးတို့ဖြစ်ကြသည်။

ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးကလည်း “ကျမတို့သားတွေ လွတ်မြောက်ဖို့အတွက် ဒီအစိုးရကို ဘယ်လိုမျိုးတောင်းဆိုရမှာလဲ။ ကျမတို့လည်း အကြိမ်ကြိမ်တောင်းဆိုပြီးပြီ။ ကျမတို့နောက်ထပ် ဘယ်လိုပုံစံမျိုး တောင်းဆိုရမှာလဲ” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် တရားစွဲဆိုခံထားရသူ ၂ဝဝ ခန့်အထိ ရှိနေသေးသည်ဟုလည်း အမှုလိုက်ရှေ့နေ နောက်တစ်ဦးဖြစ်သည့် ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

၄င်းတို့အား စွဲဆိုထားသော အကြမ်းဖက်မှု ဥပဒေပုဒ်မများမှာ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (ဈ)နှင့် ၅၂ (က) တို့ဖြစ်ကြောင်း သိရှိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...