မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦး သေဆုံး

မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦး သေဆုံး

ယခုလအတွင်း မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက “ဆုံးသွားတာက ဘီးလူးကျွန်း ရွာလွတ်က အသက် ၆၅ လောက်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးလို့ သိထားတယ်ပေါ့၊ ပိုးကူစက်သူအရေအတွက် ပြောရမယ်ဆိုရင် မွန်ပြည်နယ်မှာ ဆယ်ဂဏန်းလောက်တော့ရှိနေပြီ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နှင့်အမျှ ထပ်တိုးလာနေခြင်းကြောင့် ကိုဗစ်ကုသရေးဆေးရုံတစ်ခုဖြစ်သည့် Isolation Word 3 ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိကြောင်း မော်လမြိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာဝန်တစ်ဦးက ပြောသည်။

“အခုအချိန်မှာ ရောဂါကူးစက်တာလည်း တိုးလာနေတယ်၊ စစ်ဆေးရုံမှာက နေရာတွေလည်းကြပ်လာတော့ လူနာတွေထားရှိဖို့ကို ဒီ Isolation Word 3 ကို ပြင်ဆင်ထားတယ်” ဟု ဒေါက်တာနန္ဒာဝေက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ကုသရေးဆေးရုံ ၃ ခုနှင့် သထုံမြို့နယ်မှ ဆေးရုံ ၁ ခုတွင် စောင့်ကြည့်ကုသပေးခဲ့ရာ ယခုလက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို မဆရ ၅ နှင့် မော်လမြိုင်ဆေးရုံကြီးတွင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် တစ်ပြည်နယ်လုံးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၅ သောင်းကျော်ရှိပြီးဖြစ်သော်လည်း ပေါင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တွင် တကျော့ပြန်ကူးစက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်လူနာသေဆုံးနည်းတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးအနေဖြင့် ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄,၅၇၉ ဦး၊ သေဆုံးသူ ၃၂၂၈ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၁၃၂,၆၁၅ ဦးရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...