ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဘက်သို့ ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီဘက်မှ တပ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်ဆွဲလာသောကြောင့် ဒေသခံကျေးရွာသားများ စိုးရိမ်မှုများရှိနေပြီး ထွက်ပြေးတိမ်းရှောင်သူတချို့ရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ တပ်မ (၆၆) တပ်ဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် လိပ်သိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၆၀၃) တွင် ရပ်နားပြီးနောက် ဇွန် ၇ ရက်နေ့တွင် သောက်ရေခပ်-ယာဒိုဘက်ကို ဆက်တက်လာပြီး ယနေ့အချိန်ထိ တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက "ဇွန်လ ၆ ရက်နေ့မှာ လိပ်သို ခမရ (၆၀၃) မှာ တစ်ညအိပ်တယ်။ ၇ ရက်နေ့ မနက် ၇ နာရီခွဲမှာ ယာဒိုဘက်ကို ကားဆက်မောင်းသွားတယ်။ သူတို့ဖြတ်လာတဲ့လမ်းတလျှောက် ရွာသားတွေက ကြောက်နေကြတယ်။ ဒီလို စစ်သားအလုံးအရင်းတက်လာတာ မရှိဖူးဘူးဆိုတော့။ တချို့ရွာသားတွေက တိုက်ပွဲဖြစ်တော့မယ်ဆိုပေမဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဒီရဲ့နယ်မြေမှာပဲ ဆက်နေမယ်ပေါ့။ တချို့ရွာသားတွေကလည်း ပစ္စည်းတွေထားပြီးတော့ တောထဲကို ထွက်ပြေးတဲ့သူတွေရှိတယ်" ဟု ၎င်းကပြောသည်။
ထို့အပြင် ယခုလို တပ်ဆွဲလာခြင်းမှာ နယ်မြေစိုးမိုးရေးအတွက်ဖြစ်နိုင်ကြောင်း၊ စစ်အာဏာရှင်ကို အများက လက်မခံသလို ၎င်းတို့အနေဖြင့်လည်း လက်ခံခြင်းမရှိကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီတပ်များသည် လက်ရှိတွင် ရှေ့ဆက်သွားရန် တံတားကျိုးနေသည့်အတွက် ရှေ့ဆက်မသွားဘဲ စခန်းချရပ်နားထားပြီး စစ်ကားအလွတ်တချို့မှာ ဇွန်လ ၇ ရက်နေ့ညနေက လိပ်သိုမြို့သို့ ပြန်ဆင်းသွားသလို ယမန်နေ့ (ဇွန် ၈) နံနက် ၈ နာရီခွဲတွင်လည်း စစ်ကားအလွတ် (၁၅) စီးခန့်မှာ ပြန်ဆင်းသွားပြီးဖြစ်သည်ဟု သိရသည်။
ယခုလို စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ နယ်စပ်ဖြစ်သည့် ယာဒိုဘက်တွင် တက်လာခြင်းသည် လက်ရှိ ကရင်နီပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲအတွက် အင်အားဖြည့်ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။
ယာဒိုကျေးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တောင်ငူခရိုင် (တပ်မဟာ-၂) ထိန်းချုပ်နယ်မြေတွင်ရှိသည်။







