ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၇၉) ဦးအထိရှိလာ

ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၇၉) ဦးအထိရှိလာ
ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၄ ရက်နေ့က စစ်လက်ကျန်ဗုံးပေါက်၍ လူ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားသည့်မြင်ကွင်း။
ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၄ ရက်နေ့က စစ်လက်ကျန်ဗုံးပေါက်၍ လူ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားသည့်မြင်ကွင်း။

ရခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၇၉) ဦးအထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ သိရသည်။

အဆိုပါစာရင်းမှာ ရခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုနှစ် ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းဖြစ်သည်ဟု REC က ဆိုသည်။

ရခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယခုနှစ်အစောပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူပေါင်း (၃၀) ကျော်သေဆုံးပြီး (၇၀) ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု REC ၏ စာရင်းများအရ သိရသည်။

အဆိုပါ စာရင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူဦးရေမှာ တိုးလာနေသည်ကို တွေ့ရသည်။

REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “မိုင်းရှင်းလင်းရေးကို ထိထိရောက်လုပ်ရမယ်။ မိုင်းအန္တရာယ်အသိပညာကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်လုပ်ရမယ်။ ပေးထားတဲ့ပညာတွေကို ရထားတဲ့ဗဟုသုတတွေနဲ့ လိုက်နာမှုတွေ မပေါ့မဆ မထီမဲ့မြင်မလုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမျိုးလုပ်မှ လျှော့ချနိုင်မယ်လို့ကျနော်ထင်တယ်။ မဟုတ်လို့ရှိရင် ဒီလိုဆက်လက်ပြီး ပေါက်ကွဲမှုတွေ ဆက်လက်ပြီးရှိနေမှာဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းဖြစ်သည့် ဇွန်လ ၄ ရက်နေ့၊ နံနက် ၁ နာရီကလည်း ပုဏ္ဏားကျွန်းမြို့တွင် ဖားရှာသွားရာမှ ကောက်ယူလာသည့် စစ်လက်ကျန်ဗုံး ပေါက်ကွဲမှုကြောင့် ဒေသခံ ၄  ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

တစ်ဘက်တွင်လည်း တပ်မတော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်-စစ်တွေ ကားလမ်းမ ဘေးဝဲယာနှင့် ကျေးရွာအချို့တို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့မှုများ ရှိခဲ့သည်။

သို့သော် တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့် ကျေးရွာအနီးများနှင့် တောတောင်အနီးနေရာများတွင် မိုင်းရှင်းလင်းမှုများကို ထိထိရောက်ရောက်လုပ်ပေးရန် လိုနေသေးသည်ဟုလည်း ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...