ရသေ့တောင်မြို့နယ် (၁၄) ကြိမ်မြောက် ညမထွက်ရအမိန့်ကို နှစ်လထပ်တိုးထုတ်ပြန်

ရသေ့တောင်မြို့နယ် (၁၄) ကြိမ်မြောက် ညမထွက်ရအမိန့်ကို နှစ်လထပ်တိုးထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၏ (၁၄) ကြိမ်မြောက် ညမထွက်ရအမိန့်ကို နောက်ထပ်နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဇွန် ၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် ရသေ့တောင်မြို့နယ် နယ်နမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ည ၂၁:၀၀ နာရီမှ နံနက် ၀၅:၀၀ နာရီ အတွင်းသွားလာခွင့်မပြုရန် ညမထွက်ရအမိန့်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်လိုက်သည်ဟု ပါရှိသည်။

၎င်းညမထွက်ရအမိန့်အား ယမန်နေ့ ညနေ  ၃ နာရီခန့်က ရသေ့တောင်မြို့ကိုပတ်၍ လော်စပီကာဖြင့် လှည့်လည်ထုတ်ပြန်သွားခဲ့သည်ဟု ရသေ့တောင်မြို့ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ဇော်ဦးက ပြောသည်။

“ဒီနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီ မထွက်ရဘူး။ အမိန့်က နှစ်လတိတိပြည့်တဲ့နေ့အထိပါတဲ့။ ညမထွက်ရအမိန့်ထုတ်ရင် မနက်အစောကြီး အလုပ်သွားလို့မရတော့ဘူးပေါ့။ တစ်နေ့စာတစ်နေ့ရှာစားနေရတဲ့လူတွေအခက်အခဲဖြစ်ပြီးပေါ့ဗျာ။ ညမထွက်ရအမိန့်က မရှိလေကောင်းလေပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ၄င်းတို့အနေဖြင့် ပုံမှန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြောသည်။

“ညမထွက်ရအမိန့်က အရင်ကတည်းက ထုတ်ထားတာပါ။ နှစ်လတစ်ခါထပ်တိုးတဲ့သဘောပါ။ ပြည်နယ်အလိုက် ညွှန်ကြားချက်အတိုင်း လုပ်တာပါ“ ဟု ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ချက်သည် (၁၄) ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ကဇွန်လ ၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်တွင် ည ၉ နာရီမှ  နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို (၂) လသို့ထိ တိုးပြီးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...