တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၈ ရက်သားအရွယ် ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းက သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၅၀ ကျော်ရှိသွားပြီဟု တမူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။

တမူးမြို့တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကစ၍ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၀ ကျော်ခန့်ရှိခဲ့ပြီး ယနေ့ နောက်ဆုံးစစ်ဆေးချက်အရ ၂၁ ဦး ထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၇၁ ဦးထိ Positive လူနာရှိသွားပြီဖြစ်သည်။

"ကိုဗစ်ကူးစက်လူနာ ဒီနေ့ဆိုရင် ၂၁ ဦးထပ်တိုးတယ်၊ ပိုးတွေ့လူနာများလာတော့ ဒီနေ့ဆို မနက် ၃ နာရီလောက် ၂၈ ရက်သားလေးသေဆုံးတာရှိတယ်၊ သူ့အမေကလည်း Positive လူနာလည်းဖြစ်တော့ အဲလိုဖြစ်သွားတာ" ဟု တမူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။

ကိုဗစ်ပိုးတွေ့လူနာများကို တမူးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မင်းသားတိုက်နယ်ဆေးရုံတို့တွင် ကြပ်မတ်ကုသပေးလျှက်ရှိကာ သံသယလူများကိုမူ အစိုးရဆောက်လုပ်ရေးဝန်းထဲတွင် ကွာရန်တင်းအဖြစ် ထားရှိသည်ဟုသိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပါဆယ်စနစ်ကျင့်သုံးခြင်း မြို့အဝင်/ထွက် ခရီးသွားလုပ်ငန်းများ ပိုမိုကြပ်မတ်ပေးရန် တိုင်းဒေသကြီးသို့ တင်ပြထားကြောင်း ဒု-အုပ်ချုပ်ရေးမှူးကပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ဖြစ်သည့် တမူးမြို့တွင် ယခင် ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးအား ပိတ်ထားကာ ယနေ့ချိန်ထိ တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...