ပဲခူးတိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ၏ အသုံးချခံမဖြစ်စေရန်အတွက် ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ယမန်နေ့ (ဇွန်လ ၂) ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာခဲ့သည်။
ပဲခူးတိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီအနေဖြင့် စာ/ယဉ်အဖွဲ့ကို လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသားမိဘများကို ကျောင်းလာအပ်ခိုင်းရန်နှင့် ကရင်စာသင်ရမည်ဟူ၍ စည်းရုံးဖိအားပေးမှုများရှိသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်မှ ပြောခွင့်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက "ကျနော်တို့ ပဲခူးတိုင်းရဲ့ တချို့နေရာတွေကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံဘက်ကို ရောက်သွားပြီ။ အသုံးချခံဖြစ်သွားပြီ။ တချို့နေရာတွေလည်း စစ်ကောင်စီရဲ့လက်အောက်ခံ အသုံးချခံဖြစ်ဖို့ များလာတဲ့အတွက်ကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်တယ်။ စစ်ကောင်စီကလည်း လက်ရှိအချိန်မှာ ဖိအားပေးမှုကလည်း များလာတယ်" ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ အသုံးချခံဖြစ်ရသည့် အကြောင်းအရင်းမှာ ပဲခူးတိုင်း၏ တချို့သော မြို့နယ် စာ/ယဉ်အဖွဲ့ကို ပြန်လည်ခေါ်ယူဖွဲ့စည်းခြင်းများပြုလုပ်ပြီး ထိုသို့ဖွဲ့စည်းရာတွင် ယခင် စာ/ယဉ် အဖွဲ့ဝင်များပါဝင်သလို အဖွဲ့ဝင်သစ်များလည်းပါဝင်ကာ အများစုမှာ စစ်ကောင်စီနှင့်နီးစပ်သူများဖြစ်ကြသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ဆိုသည်။
ထို့အပြင် ပဲခူးတိုင်း ကရင်စာ/ယဉ်အဖွဲ့ကို စစ်ကောင်စီ၏ လမ်းညွှန်မှုအောက်တွင် ဆက်လက်လုပ်ဆောင်ခြင်းမပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်ကို လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က သတိပေးထားသည်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် ကရင်စာ/ယဉ်အဖွဲ့အနေဖြင့် မိမိတို့ကရင်လူငယ်များနှင့် ပူးပေါင်းပါဝင်တော်လှန်ပေးကြစေရန်လည်း ပဲခူးတိုင်းကရင်လူငယ်ကွန်ရက်၏ အသိပေးထုတ်ပြန်စာ၌ တိုက်တွန်းထားသည်။
ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်ကို ကရင်လူငယ်အချင်းချင်း ချိတ်ဆက်နိုင်ရန်နှင့် ကရင်အမျိုးသားရေးကို ကရင်လူငယ်များကြား နှီးနှောဖလှယ်ပြီး လုပ်ဆောင်နိုင်ရန်ရည်ရွယ်ကာ ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။







