မြဝတီခရိုင်အတွင်း ကျောင်းသားဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ကျောင်းအပ်နှံမှုရှိ

မြဝတီခရိုင်အတွင်း ကျောင်းသားဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ကျောင်းအပ်နှံမှုရှိ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း မေလ ၂၄ ရက်မှစ၍ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံလက်ခံချိန် သီတင်းပတ်အတွင်း ကျောင်းသားဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ကျောင်းအပ်နှံမှုရှိကြောင်း သိရသည်။

ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် မြဝတီခရိုင်အတွင်း ကျောင်းအပ်နိုင်မည့် ကျောင်းသူ/သားဦးရေ ၃၈,၇၅၁ ဦးရှိပြီး ယနေ့ မေလ ၃၁ ရက်နေ့ထိ လာရောက်သူမှာ ၁၀,၀၀၀ ကျော်ရှိရာ ၃၀ ရာခိုင်နှုန်းခန့်သာ ကျောင်းလာရောက်အပ်နှံမှုရှိသည်ဟု မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။

မြဝတီခရိုင်အတွင်း ကျောင်းပေါင်း ၁၀၉ ကျောင်းရှိသည့်အထဲတွင် လက်ရှိ ၈၉ ကျောင်းသာဖွင့်လှစ်နိုင်ပြီး ဌာနေတိုင်းရင်းသား စိုးမိုးရာနယ်မြေများရှိ ကျောင်းပေါင်း ၂၀ ခန့်မှာ လက်ရှိအခြေအနေအရ ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း၊ မြဝတီခရိုင်အတွင်း ကျောင်းဆရာ/ဆရာမ ၁,၂၀၀ ကျော်ရှိသည့်အနက် ထိုထဲမှ အာဏာဖီဆန်မှု (CDM) ဆောင်ရွက်သူ ၃၀၀ ဝန်းကျင်ရှိသော်လည်း လက်ရှိ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ ဦးရေနှင့် ချိန်ဆလျှင် သင်ကြားရေးပိုင်း၌ လုံလောက်မှုရှိသည်ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။

"မြဝတီခရိုင်ထဲမှာတော့ ကျောင်းများတွင် စာကပ် စာရေး ခြိမ်းခြောက်မှုများရှိပေမယ့် အခြားမြို့များကဲ့သို့ ဖောက်ခွဲဖျက်ဆီးတဲ့ အကြမ်းဖက် အသွင်တော့ မရှိသေးပါဘူး။ ထိုသို့မဖြစ်စေရန်လည်း လုံခြုံရေးအဖွဲ့စုံဖြင့် စောင့်ကြည့်လျက်ရှိပြီး ယခု ကိုဗစ်ကာလ စည်းကမ်းချက်များနှင့် အညီ ကျောင်းကို ဖွင့်လှစ်သွားမှာပါ။ ဒါကြောင့် ကျောင်းသားမိဘများအနေဖြင့် မိမိ၏ ရင်သွေးငယ်များကို ကျောင်းအပ်နှံမှုပြုကြစေလိုပါတယ်" ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။

မြဝတီခရိုင်တွင် ကျောင်းအပ်လက်ခံခြင်းကာလကို မေလ ၃၁ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားသော်လည်း ယင်းနေ့ နောက်ပိုင်းရက်များတွင် ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရှိရသည်။

ယနေ့ နိုင်ငံရေးမငြိမ်သက်မှုကြားတွင် ကိုဗစ်ရောဂါ ရှာဖွေထိန်းချုပ်မှုများလည်း ယခင်လို မပြုလုပ်နိုင်သည့်အခြေအနေကြောင့် မိမိရင်သွေးငယ်များကို ကျောင်းကိုလွှတ်ပြီး မိဘက အိမ်မှာနေရင်း စိတ်ပူနေရမည့်အဖြစ်မျိုးကို မလိုလား၍ ကလေးများကို ကျောင်းအပ်နှံမှု မပြုလုပ်တော့ကြောင်း ကျောင်းသားမိဘတစ်ချို့က ပြောဆိုကြသည်။

အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက "လက်ရှိ နိုင်ငံရေးမငြိမ်မသက်မှု ကြားမှာ ကလေးတွေကို ကျောင်းပေးတက်ဖို့က မိဘတစ်ယောက် အနေနဲ့ ဘယ် လိုမှ စိတ်မချပါဘူး။ ဒါ့အပြင် Covid-19 ရောဂါပိုးကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နေ့စဉ်ထောင်နဲ့ချီ၍ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုင်းလို ကူးစက်ပျံ့နှံ့မှု မရှိနိုင်ဘူးလို့ ပြောဖို့ခက်ပါတယ်" ဟု ပြောသည်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသောကြောင့် အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင်ပါဝင်သည့် ပညာရေးဝန်ထမ်း ၃၀၀ ခန့်ရှိရာ ၎င်းတို့အား အလုပ်မှထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ မေလ ၃၀ ရက်နေ့က ပညာရေးဌာနက စာထုတ်ထားသည်ဟု သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...