စစ်ကောင်စီနှင့် ဆွေးနွေးမည့် PPST ၏ ကမ်းလှမ်းစာတွင် KNU သဘောထားမပါဟုပြော

စစ်ကောင်စီနှင့် ဆွေးနွေးမည့် PPST ၏ ကမ်းလှမ်းစာတွင် KNU သဘောထားမပါဟုပြော

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ မေလ ၂၈ ရက် နေ့စွဲဖြင့် ရေးသားထားသည့် လျှို့ဝှက်ကမ်းလှမ်းစာ မူကြမ်းတစ်စောင် ထွက်ပေါ်လာမှုအပေါ် ၎င်းတို့၏ သဘောထားမပါဝင်ကြောင်း KNU - ကရင်အမျိုးသားအစည်းအရုံးဘက်က ပြောဆိုလိုက်သည်။

KNU အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည့် PPST ၏ သဘောထားရပ်တည်ချက်အရ စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ရပ်ဆိုင်းထားမည်ဟူသည့် သဘောထားအတိုင်းရပ်တည်ကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ယခင် PPST ပြောခွင့်ရလည်းဖြစ်ခဲ့သူ ပဒိုစောတောနီးက ယခုလိုပြောသည်။

၎င်းက “အခုလုပ်တဲ့ အစည်းအဝေးတွေမှာ ကျနော်တို့ တစ်ယောက်မှ မပါတော့ပါဘူး။ ထွက်လိုက်တာကြာပြီး။ ကျနော်တို့ပြောတာက အရင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က PPST က ထုတ်ပြန်ထားတဲ့အတိုင်း အာဏာသိမ်းတဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီးတော့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းတိုက်ပွဲဝင်တဲ့သူတွေကို အကူအညီပေးသွားမယ်ဆိုပြီး ရပ်တည်ချက်ကရှိပြီးသား။ ဒီရပ်တည်ချက်အတိုင်းပဲ ဆက်သွားရမှာပဲလေ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယမန်နေ့က စတင်ပြုလုပ်သည့် PPST အစည်းအဝေးပွဲတွင်လည်း KNU ၏ ကိုယ်စားလှယ်များအနေဖြင့် ပါဝင်တက်ရောက်ခြင်းမရှိတော့ဘဲ လက်ရှိထွက်ပေါ်လာသည့် စာနှင့်ပတ်သက်၍လည်း PPST ခေါင်းဆောင်များအနေဖြင့် မိမိတို့ထုတ်ပြန်ထားသည့် ယခင်သဘောထား ရပ်တည်ချက်များအတိုင်း ရပ်တည်သင့်ကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က PPST အဖွဲ့ဝင် ခေါင်းဆောင်များမှ အထူးအစည်းအဝေးပွဲတစ်ရပ် ခေါ်ယူကျင်းပခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်သင့် မဖော်ဆောင်သင့်အပေါ် သဘောထားရယူညှိနှိုင်းဆွေးနွေးခဲ့ရာတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုများကို ရပ်ဆိုင်ထားမည်ဖြစ်ကြောင်းနှင့် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုများကို ထောက်ခံသလို လိုအပ်သည့် ပံ့ပိုးကူညီများလည်း နည်းလမ်းရှာဖွေ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများအား အကြမ်းဖက်နှိမ်နှင်းမှုများကိုလည်း ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ထားခြင်းဖြစ်သည်။

အလားတူ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ မေလ ၁၁ ရက်နေ့က NCA လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ်ပါဝင်သည့် နိုင်ငံတကာ တိုင်းပြည်များထံသို့ပေးပို့သည့် စစ်ကောင်စီနှင့် ကြားဝင်ညှိနှိုင်းဆွေးနွေးရန် အဆိုပြုတောင်းခံမှုတွင်လည်း KNU အနေဖြင့် ၎င်းတို့၏သဘော မပါဝင်ခဲ့ကြောင်းလည်း ပဒိုစောတောနီးက ဖြည့်စွက်ပြောသည်။

ယခုထွက်ပေါ်လာသည့် မူကြမ်းစာအရ စစ်ကောင်စီမှ တာဝန်ပေးထားသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို လိပ်မူထားကာ အကြောင်းအရာအနေဖြင့် NCA ကိစ္စဟူ၍ ကနဦးဖော်ပြထားသည်။

ထို့နောက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က လက်မှတ်ထိုးပြီး မေလ ၁၉ ရက်နေ့က ပေးပို့လိုက်သည့်စာကို မိမိတို့ EAO အဖွဲ့များက လက်ခံရရှိပြီး၊ တပ်မတော်က NCA စာချုပ်ကို လက်ခံမည်ဆိုသည့်အတွက် ဝမ်းသာကြောင်း ဆက်လက်ဖော်ပြထားသည်။

ဆက်လက်ပြီး အချက် (၇) ချက်ကို ရေးသားထားရာတွင် လက်ရှိဖြစ်နေသည့် ပြည်တွင်းအခြေအနေများတွင် တပ်မတော်၊ တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးပါတီများအပြင် ပြည်သူများအားလုံးအတွက် အကျိုးမရှိကြောင်းနှင့် နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်လေ ကောင်းလေဟု ဆိုထားသည်။

ထို့အပြင် မြန်မာပြည်နှင့်ပတ်သက်၍ တချို့နိုင်ငံများက ရည်ရွယ်ချက်ရှိရှိ ပြည်တွင်းရေးကို ဝင်စွက်ဖက်နေကြောင်း စွပ်စွဲပြောဆိုထားသလို၊ ထိုသို့ စွက်ဖက်တာများကို ကာကွယ်ရန်အတွက် မိမိတို့နှင့် လက်တွဲလုပ်ဆောင်နိုင်မည့် နိုင်ငံသားများကို စည်းမျဉ်းများ၊ ဘောင်များထဲတွင် ဖိတ်ခေါ်လက်တွဲသည့်နည်းက အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့အနေဖြင့်ယူဆကြောင်း ရေးသားထားသည်။

ထို့အတွက် တပ်မတော်နှင့် PPST အဖွဲ့အကြား အမြန်ဆုံးတွေ့ဆုံပြီး အလွတ်သဘောဆွေးနွေးရန်နှင့် PPST ပူးတွဲကြေညာချက် မူကြမ်းထုတ်ရန်လည်း စီစဉ်နေကြောင်း ၎င်းစာထဲတွင် ရေးသားထားခြင်းဖြစ်သည်။

သို့သော် ယခုထွက်ပေါ်နေသည့် မူကြမ်းစာသည် အတုဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်ထားပြီး NCA ထိုးထားသည့် PPST အဖွဲ့အနေဖြင့် စစ်ကောင်စီ၏အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ABSDF က ဆိုထားသလို ယခင် PPST ထုတ်ပြန်ထားသည့်အတိုင်း စစ်ကောင်စီနှင့်ဆွေးနွေးရန် မရှိကြောင်းလည်း ABSDF က ထုတ်ပြန်ထားကြောင်း သံလွင်ခက်မီဒီယာက ဖော်ပြထားသည်။

အလားတူ PPST စုဖွဲ့မှုတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ပါဝင်မှုကိုရပ်စဲထားရန် သဘောထားရှိကြောင်း သိရှိရသလို KNU အနေဖြင့် ယမန်နေ့ မေလ ၂၇ ရက်နှင့် ယနေ့ ၂၈ ရက်နေ့အထိပြုလုပ်သည့် PPST အစည်းအဝေးပွဲတွင် ပါဝင်တက်ရောက်ခြင်းမရှိတော့သလို ယခင်အစည်းအဝေးပွဲများတွင်လည်း KNU ၏ PPST ကိုယ်စားလှယ် ပဒိုစောတာဒိုမူးအနေဖြင့် ပါဝင်တက်ရောက်မှုမျိုးမပြုတော့ကြောင်း သိရှိရသော်လည်း KNU အနေဖြင့် PPST ၏ စုဖွဲ့မှုတွင် တရားဝင်ရပ်ဆိုင်းထားခြင်း ရှိ/မရှိအပေါ် တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

ယမန်နေ့က စတင်ပြုလုပ်သည့် PPST ၏ ၂ ရက်တာ အစည်းအဝေးပွဲမတိုင်ခင် ပြောကြားသည့် PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၏ အဖွင့်မိန့်ခွန်းတွင်လည်း စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ဦးတည်ပြောဆိုမှုများရှိနေပြီး PPST ၏ လက်ရှိလုပ်ငန်းဆောင်တာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဟုသာ အကြမ်းဖျင်းပြောဆိုထားကာ PPST ၏ စုဖွဲ့မှုအပေါ် ဆွေးနွေးဆုံးဖြတ်သွားရန်ရှိသည်ဟု ကြားသိရသည်။

PPST စုဖွဲ့မှုတွင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...