နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုနေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
ယနေ့ မေလ ၂၇ ရက်နေ့တွင် Video Conferencing စတင်ပြုလုပ်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) (၁၀) ဖွဲ့၏ PPST အစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းတွင် ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုလို ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“စစ်ကောင်စီအုပ်ချုပ်တဲ့ ကာလအတွင်းမှာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်လို့ အာဏာသိမ်းခြင်းကိုဆန့်ကျင်တဲ့ ပြည်သူ လူထု ၈၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတာကိုကြည့်ရင် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ပါဆိုတာကို စစ်ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့သည်။
စစ်ကောင်စီ မတရားအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြားကဏ္ဍာများတွင် အဘက်ဘက်ကျဆင်းနေပြီး ၎င်းသည့ စစ်ကောင်စီ၏ နည်းလမ်းမမှန်သည့် စီမံအုပ်ချုပ်မှုကြောင့်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ဆက်ပြောသည်။
ထို့အပြင် လက်ရှိနိုင်ငံရေး အကြပ်အတည်းကို စစ်ကောင်စီအနေဖြင့် အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းမှုကြောင့် ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်ကြောင်းလည်း (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က သတိပေးပြောကြားလိုက်သည်။
လတ်တလော စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် အဆိုပါ EAOs အဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် အများစု သဘောထားရှိကြပြီး အလားတူ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင်လည်း NCA လက်မှတ်ရေးထိုးရာတွင် တက်ရောက်ခဲ့သည့် နိုင်ငံတကာ အသိသက်သေနိုင်ငံများကိုလည်း ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရန် အပစ်ရပ်အဖွဲ့များက အဆိုပြု တောင်းဆိုထားမှုရှိခဲ့သည်။
လက်ရှိ စစ်ကောင်စီ၏လုပ်ရပ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီး မျက်နှာငယ်ရသည့်အဖြစ်ကို ရောက်ရှိနေပြီး အများ၏ ဖယ်ကြဉ်ခြင်းကို ခံနေရကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်းအစည်းအဝေး အဖွင့်မိန့်ခွန်း၌ ဝေဖန်ပြောကြားခဲ့သည်။
ထို့အတူ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးပွဲ၏ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံ၏ ကြိုးပမ်းမှုအပေါ် စစ်ကောင်စီဘက်မှ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည်လည်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အဟန့်အတားဖြစ်စေကြောင်းလည်း ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအရေးအတွက် ကျင်းပခဲ့သည့် ၎င်းအစည်းအဝေး၏ ဘုံသဘောတူညီချက် ငါးချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးကဦးဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးရန် စသည့်အချက်များ ပါဝင်သည်။
ယနေ့ပြုလုပ်သည့် PPST အစည်းအဝေးပွဲတွင် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး အစည်းအဝေးပွဲကို လာမည့် နံနက်ဖြန် မေလ ၂၈ ရက်နေ့အထိ ၂ ရက်တာပြုလုပ်သွားမည်ဟု သိရသည်။
ယနေ့အစည်းအဝေးပွဲကို NCA လက်မှတ် ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် ခေါင်းဆောင် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးနေကြသည်။







