KNU တပ်မဟာ (၅) နယ်မြေ၌ မေလအတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးသေဆုံး

KNU တပ်မဟာ (၅) နယ်မြေ၌ မေလအတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးသေဆုံး

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့တို့ စစ်အင်အား ပိုမိုတိုးပို့လာခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မေလအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့သည်ဟု KNU ဘက်က ပြောသည်။

ယခုမေလဆန်းမှစ၍ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေး ပိုမိုလှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်ပြီး ယနေ့ မေလ ၂၆ ရက်နေ့အထိ တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ရာချီသေဆုံးမှု ရှိခဲ့သည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

“စစ်ကောင်စီဘက်က သူတို့လူတွေနဲ့ BGF တပ်တွေပါပေါင်းပြီး ကျနော်တို့ဘက်ကို စစ်အင်အားပိုပြီးတော့ ပို့လာတဲ့အတွက် စစ်ရေးလှုပ်ရှားမှုက များလာပြီး နေ့စဉ်လိုလို ပစ်ခတ်မှုတွေက ပြင်းထန်လာနေတယ်။ တိုက်ခိုက်မှုက ရပ်သွားတယ်ဆိုတာကိုမရှိဘူး။ ဒီမေလဆန်းကစပြီး ဒီနေ့အထိက တိုက်ပွဲပေါင်း ၁၉၃ ကြိမ်လောက်ရှိပြီ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါ ထိတွေ့တိုက်ပွဲပေါင်း တစ်ရာကျော်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၂၈ ဦးသေဆုံးခဲ့ပြီး ၁၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့သလို တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် မြင်း ၁၂ ကောင်ပါ သေဆုံးသွားပြီး သယ်ပို့ယာဉ် ၉ စီးလည်းပျက်စီးသွားကြောင်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် ဒု-ဗိုလ်တစ်ဦးပါဝင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်ကမူ နှစ်ဦးကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံတစ်ဦးလည်း ထိခိုက်သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဘက်ကဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဒေသခံကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်မြေများအတွင်းသို့ လက်နက်ကြီးပေါင်း ၉၈ လုံးပစ်ခတ်ခဲ့သည့်အတွက် ထွီးသီအုကျေးရွာဘက်တွင် လူနေအိမ် ၄ လုံး၊ ထီးဖိုးသန်ကျေးရွာတွင် လူနေအိမ်တစ်လုံးနှင့် တဲအိမ် ၆ လုံး ပျက်စီးခဲ့သည်။

၎င်းအပြင် တကော့ထကျေးရွာအတွင်း လူနေအိမ် ၄၀ လုံးကျော်ကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ပျက်စီးခဲ့ပြီး ၎င်းကျေးရွာများရှိ ဒေသခံများ၏ ဆန်အိတ်များအပြင် ပိုင်ဆိုင်မှုပစ္စည်းများကို ယူဆောင်သွားကြောင်းလည်း KNU ဘက်က စုဆောင်းရရှိထားသည့် အချက်အလက်များအရ သိရသည်။

စစ်ကောင်စီဘက်မှ ၎င်းနယ်မြေအတွင်း အဓိက စစ်ရေးလှုပ်ရှားကြသည့် တပ်ဖွဲ့များမှာ အမှတ် (၈) စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၀၅)၊ (ခမရ-၄၀၇) နှင့် (ခမရ-၄၀၈) တို့ဖြစ်ပြီး ၎င်းနှင့်ပူးပေါင်း၍ BGF တပ်ဖွဲ့ဝင်များတွင်မူ ယခင်ရှိပြီးသား အမှတ်တပ်ရင်း (၁၀၁၃) နှင့် (၁၀၁၄) တို့အပြင် လက်ရှိတွင် အမှတ် (၁၀၁၁)၊ (၁၀၁၈) တပ်ရင်းနှင့် (၁၀၁၉) တပ်ရင်းများမှ စစ်အင်အား ဖြည့်တင်းပို့ဆောင်လာပြီး KNU နယ်မြေအတွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းလှုပ်ရှားမှုကြောင့် နေ့စဉ် ထိတွေ့မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

အလားတူ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းမှလည်း ဘီးလင်းဘက်ခြမ်းသို့တက်၍ ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသော်လည်း တပ်ရင်းတပ်ဖွဲ့အမည်နှင့် အင်အားကို အသေးစိတ် မသိရှိရသေးကြောင်းလည်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က မြေပြင်သတင်းကိုအခြေခံ၍ ဖြည့်စွက်ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များနှင့် KNU တပ်မဟာ (၅) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ BGF ဘက်မှ စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရာ နောက်ထပ်ထိတွေ့မှုအတွင်း BGF တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံကျဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယခု ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမှုကြောင့် သောင်းနှင့်ချီသည့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး မိုးဦးကာလ ရောက်လာသည်နှင့်အမျှ အမိုးအကာနှင့် အခြေခံစားနှပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

အလားတူ လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို မြန်မာပြည်၏ ဒေသအချို့တွင် လူငယ်များနှင့်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။

ချင်း၊ ကရင်နီ၊ ရှမ်း စသည့်ပြည်နယ်များနှင့် စစ်ကိုင်းတိုင်းဒေသအချို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...