ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်ရာ စခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ တနင်္လာနေ့က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၁၁၆ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲတွင် မြန်မာပြည်မှ မူဆလင်ဒုက္ခသည် ၄၀ ဦး ပါဝင်သည်ဟု ဘင်္ဂလီဘာသာဖြင့်ရေးသားသည့် Ukhiya News တွင် သတင်းဖော်ပြသည်။
မေ ၂၄ ရက် (တနင်္လာနေ့) က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၇၅၄ ဦးအား စစ်ဆေးခဲ့ရာလူပေါင်း ၁၁၆ ဦးမှာ Positive ဖြစ်ပြီး လူပေါင်း ၆၃၈ ဦးမှာ Negative ဖြစ်ကြောင်း ကော့စ်ဘဇားဆေးကောလိပ် ဒု-ပါမောက္ခ Mohammad Shahjahan Nazir က အတည်ပြုပြောကြားသည်ဟု ဆိုသည်။
မေ ၂၄ ရက်နေ့အထိ ကော့စ်ဘဇားခရိုင်တစ်ခုတည်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၉၇၃၂ ဦးရှိပြီး သေဆုံးသူမှာ ၁၀၇ ဦးရှိကြောင်း၊ သေဆုံးသူ ၁၀၇ ဦးအထဲတွင် မြန်မာမှ မူဆလင်ဒုက္ခသည် ၁၃ ဦး ပါဝင်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
မေ ၂၃ ရက်နေ့ကလည်း ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၉၉ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲမှ ၄၉ ဦးမှာ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များဖြစ်ကြောင်း ၎င်း Ukhiya News တွင် မေ ၂၄ ရက်နေ့က သတင်းဖော်ပြထားသည်။
ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နှင့် တက်ကနက်မြို့နယ်တွင် မြန်မာမှ မူဆလင်ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ထိုအထဲမှ ကိုဗစ်-၁၉ ပိုး အများဆုံးတွေ့ရှိသည့် စခန်း ၅ ကို ပထမဆုံး ၁၂ ရက်ကြာ လော့ဒေါင်းချထားသည်ဟု သိရသည်။
မေ ၂၁ ရက်နေ့ထိ မူဆလင်ဒုက္ခသည်စခန်း ၃၄ ခုမှ ဒုက္ခသည်ပေါင်း ၉၁၃ ဦးမှာ ရောဂါပိုး (Positive) တွေ့ရှိခဲ့ပြီး ယနေ့ မေ ၂၅ ရက်တွင် ၁၀၀၀ ကျော်သွားပြီဟု သိရသည်။







