ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာထောက်ပံ့မှုပြုလုပ်

ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာထောက်ပံ့မှုပြုလုပ်

ကရင်ပြည်နယ်ရှိ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ - KNU/KNLA (PC) အား ပြည်နယ်စစ်ကောင်စီမှ ဆန်ရိက္ခာများထောက်ပံ့ပေးမှု ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ဆန်ရိက္ခာထောက်ပံ့မှုကို ယမန်နေ့ မေလ ၂၂ ရက်နေ့က ပြည်နယ်ကောင်စီရုံး၏ အစည်းအဝေးခန်းမတွင်ပေးအပ်ပြီး သက်ဆိုင်ရာဆက်ဆံရေးရုံးတာဝန်ရှိသူမှ တက်ရောက်လက်ခံကာ DKBA မှ ဆန်အိတ် (၅၀၀) နှင့် KNU/ KNLA (PC) မှ ဆန်အိတ် (၄၅၀) ထောက်ပံ့ခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာန (ပြန်ဆက်) ၏ သတင်းဖော်ပြချက်အရ သိရသည်။

၎င်းဆန်ရိက္ခာထောက်ပံ့မှုနှင့်ပတ်သက်ပြီး KNU/KNLA (PC) မှ တွဲဖက်အတွင်းရေးမှူး (၁) စောကျော်ညွန့်က "ဒါမျိုးက ဟိုးအရင်ကတည်းကလုပ်တာ၊ အခုမှမဟုတ်ဘူး။ သိရသလောက်က ဆန်အိတ် ၁၀၀ ကျော်လောက်တော့ သိရတယ်။ ငွေကြေးထောက်ပံ့တာမပါဘူး။ ဒါမျိုးထောက်ပံ့တာ တစ်နှစ်ကိုတစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ်၊ ပုံမှန်ထောက်ပံ့တာမဟုတ်ဘူး။ ဒေသခံလူထုအတွက်လည်းမဟုတ်ဘူး။ ၂၀၀၇ ငြိမ်းချမ်းရေးလုပ်လာထဲက တစ်ခါတစ်လေထောက်ပံ့ပေးတဲ့ ပုံစံမျိုးပဲ" ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းထောက်ပံ့မှုသည် အစိုးရအဆက်ဆက်မှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘတ်ဂျက်များလျာထားပြီး နှစ်စဉ်ထောက်ပံ့မှုပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ပြန်ဆက်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

၎င်းဆန်အိတ်ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်စစ်ကောင်စီဥက္ကဌ စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် သက်ဆိုင်ရာ DKBA နှင့် KNU/KNLA (PC) ဆက်ဆံရေးရုံးဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုမရှိသည့်ကာလမျိုး၌ DKBA နှင့် KNU/KNLA (PC) တို့အနေဖြင့် စစ်ကောင်စီ၏ ယခုလိုထောက်ပံ့မှုများ လက်ခံရယူမှုအပါအဝင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံမှုမျိုး ပြုလုပ်ခဲ့ခြင်းအပေါ် ပြည်သူလူထုများကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...