ပညာသင်ကြားခွင့် လုံခြုံမှုထိခိုက်ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း ကုလအဖွဲ့များမှ ပူးတွဲထုတ်ပြန်

ပညာသင်ကြားခွင့် လုံခြုံမှုထိခိုက်ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း ကုလအဖွဲ့များမှ ပူးတွဲထုတ်ပြန်

ကလေးငယ်များနှင့် ကျောင်းသားလူငယ်များသည် ဂုဏ်သိက္ခာရှိစွာ ပညာသင်ကြားပေးခွင့်၊ သင်ယူခွင့်ရရှိရန် လိုအပ်သည့်အတွက် ဘေးကင်းလုံခြုံရေးထိခိုက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၃ ဖွဲ့ဖြစ်သည့် Save The Children၊ UNESCO၊ UNICEF တို့ ပူးပေါင်းပြီး ယနေ့ မေလ ၂၀ ရက်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ပြောဆိုလိုက်သည်။

ပညာသင်ယူလေ့လာသည့် နေရာများနှင့် ပညာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများအပြင် ပညာရေးပရဝုဏ်အတွင်း ဝင်ရောက်နေထိုင်ခြင်းတို့သည် လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါအဖွဲ့ ၃ ဖွဲ့မှ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ကလေးငယ်နှင့် လူငယ် ၁၂ သန်းကျော်သည် ပုံမှန်ပညာသင်ယူလေ့လာမှုအစီအစဉ် လက်လှမ်းမီမှုမရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် ထိုကလေးငယ်များနှင့် လူငယ်များ၏ ပညာရေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုရာလုံခြုံမှုနှင့် အနာဂတ်အခွင့်အလမ်းများအပေါ် သက်ရောက်မည့် အကျိုးဆက်များ အလွန်ကြီးမားပြီး ထပ်မံမြင့်တက်လာနိုင်ခြေလည်းရှိသည်ဟု အဆိုပါအဖွဲ့များက ထောက်ပြထားသည်။

ဘေးကင်းလုံခြုံမှုရှိပြီး အရည်သွေးပြည့်မှီပညာရေးကို လေ့လာသင်ယူခွင့်မရရှိခြင်းသည် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်တစ်ခုလုံး သင်ကြားမှု သင်ယူမှု အခွင့်အလမ်းနှင့် လွှဲချော်မည့်အနေအထားဖြစ်လာစေရန် ခြိမ်းခြောက်နေသည့် အခြေအနေဖြစ်သည့်အတွက် လုံးဝလက်ခံမည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်စာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကိုဗစ် (၁၉) နှင့် ဆက်စပ်သည့် အန္တရာယ်မြင့်မားနေဆဲဖြစ်ကာ ရောဂါကူးစက်ပြန့်ပွားမှုကိုလည်း ကာကွယ်ရန်လိုအပ်သည့်အပြင် ပညာသင်ယူလေ့လာသည့်နေရာများတွင်လည်း ဘေးကင်းအောင်ထားရှိရန် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအစီအမံများလည်း အရေးကြီးကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM တွင်ပါဝင်သည့် ပညာရေးဝန်ထမ်းများကို ပုဒ်မ (၅၀၅) နှင့် တရားစွဲဆို၍ လိုက်လံဖမ်းဆီး အရေးယူမှုများလည်းရှိနေသည့်အတွက် ကျောင်းဆရာ/ဆရာမအမြောက်အများမှာ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ်တွင် CDM ပါဝင်သည့် ကျောင်းအုပ်ဆရာမတစ်ဦးက "စစ်အာဏာသိမ်းပြီးကတည်းက ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူး။ အဲဒီအတွက် ကျောင်းသားမိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းကို လွှတ်ရဲမှာမဟုတ်ဘူး။ အာဏာသိမ်းတဲ့အတွက် အဖက်ဖက်မှာ ထိခိုက်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအချို့တွင်လည်း စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အထဲတွင် ကျောင်းနေအရွယ်ကလေးများလည်း ပါဝင်သည့်အပြင် စာသင်ကျောင်းအချို့ကိုလည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခံရမှုလည်းရှိသည်။

ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် တစ်နှစ်ကြာရပ်နားလိုက်သည့် အခြေခံပညာကျောင်းများကို လာမည့်ဇွန်လတွင် ကျောင်းပြန်ဖွင့်နိုင်ရန်အတွက် စစ်ကောင်စီဘက်မှ စီစဉ်ဆောင်ရွက်နေသလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး ထုတ်ပယ်ခံရသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမနေရာကို အစားထိုးခန့်အပ်ရန် စစ်ကောင်ဘက်မှ စီစဉ်ထားခြင်းလည်းရှိသည်ဟု သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...