KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာနယ်မြေ ၃ ခုတွင် အမျိုးသားညီညွန်ရေးအစိုးရ (NUG) အပါအဝင် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများကို KNU မှ စစ်သင်တန်များပို့ချနေကြောင်း စစ်ကောင်စီ၏ ကန့်ကွက်စာပေးပို့လာမှုနှင့်ပတ်သက်ပြီး KNU ဘက်က ငြင်းဆိုသည်။
မေလ ၁၈ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီမှ မတရားအသင်းကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများကို KNU တပ်မဟာ (၁)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) နယ်မြေများတွင် စစ်သင်တန်းများပို့ချခြင်းမှာ မဟုတ်မှန်ကြောင်း KNU ဘက်က ယခုလို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ဒီမေလထဲမှာ ကျနော်တို့ ကေအဲန်ယူက သင်တန်းပေးတာ ဘာမှမရှိပါဘူး။ ဒါပေမယ့် Youth Summer Camp လိုမျိုး၊ ပုံမှန်လုပ်နေတဲ့ သင်တန်းတော့ ရှိတာပေါ့။ အဲ့ဒါနဲ့ သွားမှားတာလားပေါ့။ ပြီးတော့ မခံနိုင်လို့ တပ်ကနေ ထွက်ပြေးလာတဲ့ ဗိုလ်မှူးဟိန်းသော်ဦးက သင်တန်းပေးတာကို သတင်းမှာတွေ့နေရတာပဲ။ ဒါကို ကေအဲန်ယူပေးတယ်ဆိုပြီး သွားမှားနေတာလားပေါ့” ဟု ကေအိုင်စီသို့ပြောသည်။
KNU ဆက်ဆံရေးရုံးမှတစ်ဆင့် ပေးပို့လာသည့် ပြည်နယ်အဆင့် စစ်ကောင်စီ၏ ကန့်ကွက်အကြောင်းကြားစာတွင် KNU ၏ တပ်မဟာနယ်မြေ ၃ ခုတွင် စစ်သင်တန်းများပို့ချပေးနေကြောင်းကို ဖမ်းဆီးရမိသူတချို့ထံမှ သိရှိရကြောင်းဖော်ပြထားပြီး KNU အနေဖြင့် NCA အပစ်ရပ်စာချုပ်၏ အခန်း (၆)၊ စာပိုဒ် (၂၅)၊ စာပိုဒ်ခွဲ (က) စာပိုဒ်ခွဲငယ် (၄) ပါ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များဟူသောအချက်ကို ဖောက်ဖျက်နေကြောင်း ဆိုထားသည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာမှုကြောင့် လွတ်မြောက်နယ်မြေများဖြစ်သည့် ထိုင်း-မြန်မာ၊ အိန္ဒိယ-မြန်မာနယ်စပ်များတွင် သောင်းနှင့်ချီ၍ ထွက်ပြေးခိုလှုံသူများရှိသလို စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် စစ်သင်တန်းတက်ရောက်သူတချို့လည်း ရှိနေကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များတွင် တွေ့ရှိရသည်။
အလားတူ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ရင်ဆိုင်တိုက်ခိုက်ရန်ဟုဆိုကာ မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ စစ်ကောင်စီကို အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသူ ဗိုလ်မှူးဟိန်းသော်ဦးက ဦးဆောင်၍ စစ်သင်တန်းတစ်ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့က မြန်မာပြည်နယ်စပ်ဒေသ တစ်နေရာတွင် ဖွင့်လှစ်ပို့ချနေကြောင်းကို Myanmar Now သတင်းဌာနမှ ရုပ်သံသတင်းတင်ဆက်ထားသည်ကိုလည်း တွေ့ရသည်။
အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ခုခံတော်လှန်ရန် NUG အစိုးရမှ ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး မေလ ၁၇ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စစ်တိုင်း ၅ ခုဖြင့် ဖွဲ့စည်းထားကြောင်းလည်း ဆက်လက်ကြေညာထားသော်လည်း စစ်သင်တန်းပို့ချနေမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
အလားတူ စစ်ကောင်စီကို ပြန်လည်ခုခံသွားမည့် ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းကြောင်း အသီးသီး ထုတ်ပြန်ကြေညာထားသလို NUG အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း ယခုလအတွင်း အသီးသီးထုတ်ပြန်ကြေညာထားကြောင်း တွေ့ရသည်။







