ကရင်ပြည်နယ်၊ ဖာပွန်ဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ထဲတွင် ထွက်ပြေးခိုလှုံနေကြမည့် ကရင်ပြည်သူလူထုများကို ကူညီစောင့်ရှောက်မှုပေးနိုင်ရန် ယမန်နေ့ မေလ ၁၇ ရက်နေ့က မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်မှူးဦးဆောင်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကော်မတီကို ကော်မတီအဖွဲ့ဝင် ၁၆ ဦးနှင့်ဖွဲ့စည်းထားပြီး မယ်ဟောင်ဆောင်ခရိုင်က ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများအပြင် ဒေသအခြေစိုက် ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်၊ အစိုးရမဟုတ်သော အသင်းအဖွဲ့ကိုယ်စားလှယ်အပါအဝင် ထိုင်းကရင်အဖွဲ့ (KTG) နှင့် သံလွင်မြစ်ဝှမ်းလူထုအဖွဲ့ကိုယ်စားလှယ်များ ပါဝင်သည်ကို တွေ့ရှိရသည်။
ကော်မတီအနေဖြင့် ထွက်ပြေးခိုလှုံလာမည့် စစ်ရှောင်ပြည်သူများ၏ အခြေအနေ၊ အချက်အလက်၊ စားနပ်ရိက္ခာနှင့် အခြားအရေးကြီးလိုအပ်ချက်များ၊ ထောက်ပံ့ကူညီမှုများ လက်ခံရရှိမည့်နည်းလမ်း၊ ပို့ဆောင်ပေးဝေမှုစနစ်များကို လမ်းကြောင်းရှာရန်၊ ကူညီထောက်ပံ့မှုစာရင်းများကို အသေးစိတ်မှတ်တမ်းတင်ရန်၊ ခရိုင်အုပ်ချုပ်ရေးမှူးမှပေးအပ်သော အခြားတာဝန်များ အကောင်အထည်ဖော်လုပ်ဆောင်ရန် စသည့်တာဝန်များ ကို ပေးအပ်ထားသည်ဟု သိရသည်။
ထိုဖွဲ့စည်းလိုက်သည့် ကော်မတီနှင့်ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး - KWO အတွင်းရေးမှူး နော်ကညောဖောက "ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ပြေးလိုက်၊ ပြန်လိုက်မဖြစ်ဖို့၊ တိမ်းရှောင်လာတဲ့အခါ ဒုက္ခသည်စခန်းအနေနဲ့မဟုတ်လည်း နေရာလေးတစ်နေရာဖြစ်ဖို့ပါ။ ထောက်ပံ့မှု အကူအညီတွေကို ကူညီထောက်ပံ့နိုင်ဖို့ရယ်၊ အထူးသဖြင့် နာမကျန်းသူတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ခိုလှုံနိုင်ဖို့အတွက်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အရင်ကဆိုရင် ရောက်လာပြီး တစ်ရက်နှစ်ရက်ဆို ပြန်မောင်းထုတ်ခံရတာရှိတယ်လေ။ အဲဒါကြောင့် ထွက်ပြေးလာတဲ့သူတွေကို ပြန်မောင်းထုတ်တာမျိုးမဟုတ်ဘဲနဲ့ လပိုင်းဖြစ်ဖြစ်၊ ခဏတဖြုတ် ခိုလှုံခွင့်ရဖို့ဖြစ်တယ်ပေါ့နော်" ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုဖွဲ့စည်းလိုက်သော ကော်မတီရှိလာပြီးဆိုလျှင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိမည်ဖြစ်သလို နိုင်ငံတကာ အကာအကွယ်များလည်း ရရှိမည်ဟုလည်းမျှော်လင့်ကြောင်း နော်ကညောဖောက ဆက်ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် မူတြော် (ဖာပွန်) ခရိုင် စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့မှစပြီး စစ်ကောင်စီဖက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည့်အတွက် သံလွင်မြစ်တစ်လျှောက် ဌာနေကရင်ပြည်သူ ၇,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုအထဲမှ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင် ၃,၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသည့် ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။







