မိုးရာသီနီးကပ်လာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတချို့တွင် နေအိမ်များကို မပြုပြင်နိုင်ဘဲဖြစ်နေသဖြင့် မိုးတွင်းကာလ နေရေးထိုင်ရေး အခက်အခဲဖြစ်မည်ကို အထူးစိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်များက ဆက်သွယ်ပြောကြားသည်။
မြေပုံမြို့နယ် ဟင်းခရွာကျေးရွာက စစ်ဘေးရှောင် ဒေါ်ကျော့နုမေက “ဒီအိမ်တွေမှာ မိုးရာသီရောက်ရင် နေထိုင်ဖို့ လုံး၀အဆင်ပြေမှာမဟုတ်တော့ပါ။ ဆောက်ထားတာ ၂ နှစ်ကျော်နေပြီ။ အကုန်လုံး အပေါက်အပြဲတွေနဲ့ဖြစ်နေပြီ။ မနေ့က မိုးရွာတော့ ဟိုကမိုးယို၊ ဒီကမိုးယိုနဲ့ နေလို့မရဘူး။ အကုန်လုံးမိုးစိုကုန်တယ်။ တာပေါ်လင်စတွေက အားလုံး ဆွေးနေကြပါပြီ။ အသစ်မပြင်နိုင်ရင် မိုးတွင်းမှာ ဘယ်လိုမှ နေရလို့ရမှာမဟုတ်ဘူး။ ကူညီမယ့်သူတွေရှိရင် ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု နိရဥ္စရာကို ပြောသည်။
မိုးယိုရာမှ မိုးစိုကုန်သဖြင့် ကလေးငယ်ငယ်များ၊ သက်ကြီးရွယ်အိုများ နေမကောင်းဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများကို ပြန်လည်မပြုပြင်နိုင်၍ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အထဲတွင် စစ်တွေမြို့ ဗုဒ္ဓဝိဟာရဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းလည်း ပါဝင်သည်ဟု စခန်းတာဝန်ခံ ဦးကျော်လှက ပြောသည်။
“အခက်ခဲတွေတော့ ရှိပါတယ်။ အဓိက မိုးကျလာရင် နေဖို့ အဆောင်တွေလိုပါတယ်။ စားရေးသောက်ရေးကလည်း အခက်အခဲရှိပါတယ်။ မိုးမရွာလည်း စခန်းမှာ ရေအခက်အခဲ၊ မိုးရွာရင်လည်း နေစရာနေရာအခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောသည်။
စခန်းကို အသေအချာ မပြုပြင်နိုင်ပါက ယခုနှစ်မိုးရာသီတွင် နေထိုင်ရန် အဆင်ပြေမည်မဟုတ်ကြောင်း၊ စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေရချိန်တွင် လူနေအိမ်များကိုပြုပြင်ရန် မတတ်နိုင်၍ စိတ်မကောင်းဖြစ်မိကြောင်း အမ်းမြို့ ပဲပဒုံစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းချိုက ပြောသည်။
“ဒီစခန်းမှာက စစ်ဘေးရှောင် လေးထောင်ကျော်လောက် ခိုလှုံနေထိုင်နေကြပါတယ်။ အဆောင်တွေကိုတော့ အများအားဖြင့် ဝါး၊ ဓနိနဲ့သာ ဆောက်လုပ်နေကြတာဖြစ်တဲ့အတွက် နှစ်တိုင်း မိုးမကျမီ ပြန်လည်ပြုပြင်ဖို့လိုပါတယ်။ အခုဆိုရင် မိုးလည်းလာတော့မယ်ဆိုတော့ ယိုင်လဲ ယိုယွင်းပျက်စီးနေတဲ့ နေအိမ်အဆောင်တွေကို အမြန်ပြင်ဖို့ လိုနေပါတယ်။ မိုးတွင်းမှာ လူနေထိုင်ဖို့ အဆင်ပြေအောင် အဆောင်တွေကို အမြန် ပြုပြင်ရပါမယ်” ဟု ပြောသည်။
၎င်းစစ်ဘေးရှောင်စခန်း အခြေအနေနှင့်ပတ်သက်၍ လွန်ခဲ့သည့်အပတ်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအား တင်ပြခဲ့သော်လည်း ယခုချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ခြောက်လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း စစ်ဘေးရှောင်အများစုမှာ မူလနေထိုင်ခဲ့ရာ ကျေးရွာများသို့ မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ လုံခြုံရေးနှင့် စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် (၁) သိန်းကျော်ခန့် စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်ရှိနေသေးသည်ဟု သိရသည်။
နေရပ်များသို့ ပြန်သူတစ်ချို့ရှိသော်လည်း ၎င်းတို့မှာ အစိုးရ၏အကူအညီမပါဘဲ ကိုယ့်စရိတ်ဖြင့်ကိုယ် နေရပ်ပြန်နေကြရသည်ဟု သိရှိရသည်။







