မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကြောင့် မြို့နယ် ၉ ခုမှ လယ်မြေတချို့တွင် ယခုနှစ်လည်း ထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်ဟုဆို

မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကြောင့် မြို့နယ် ၉ ခုမှ လယ်မြေတချို့တွင် ယခုနှစ်လည်း ထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်ဟုဆို

စိုက်ပျိုးရာသီ နီးကပ်လာပြီဖြစ်သော်လည်း မြေမြုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကြောင့် မြို့နယ် ၉ ခုမှ လယ်မြေတချို့တွင် ယခုနှစ်တွင်လည်း ထွန်ယက်စိုက်ပျိုးနိုင်နိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီမှ သိရသည်။

အဆိုပါ မြို့နယ် ၉ ခုမှာ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်က ပြောသည်။

“ရခိုင်မှာ အဲလိုမြို့နယ် ၉ မြို့နယ်ရှိပါမယ်။ မထွန်ယက်နိုင်တဲ့ လယ်ဧက ဘယ်လောက်ရှိနိုင်မလဲဆိုတာကိုတော့ ကျွန်တော်လည်း အသေချာမသိရသေးဘူး။ အရင်ကဆိုရင် ကျွန်တော်တို့ မထွန်ယက်နိုင်တဲ့ လယ်ဧကတွေကို တစ်မြို့နယ်စီအလိုက် စာရင်းကောက်ပါတယ်။ အခုတော့ မြို့နယ်အလိုက် စာရင်းမကောက်ရသေးပါဘူး။ အဲဒါကြောင့် လယ်ဧက ဘယ်လောက်ရှိလဲပြောဖို့ ခက်ပါတယ်။ လယ်ဧကများတာကတော့ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမှာ ပိုများပါမယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်မှ နွားရုံတောင်၊ စပါးထား၊ ဥယျာဉ်သာ၊ ရှရှားတောင်တို့တွင် စပါးစိုက်ပျိုးနိုင်မှာမဟုတ်သလို ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှ ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်၊ ငစံဘို၊ ရေစိုးချောင်း ကျေးရွာအနီးရှိ လယ်မြေအများအပြားတွင်လည်း စိုက်ပျိုးရန် မဖြစ်နိုင်ဟု ဒေသခံများကပြောသည်။

မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမည်ကို စိုးရိမ်ရသည့်အပြင် ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်စခန်းများ တပ်စွဲနေရာယူထားသည့်အတွက် ယင်းတပ်မတော်စခန်းအနီးအနားရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ လယ်ဧက တစ်သောင်းနှစ်ရာခန့်မှာ ယခုနှစ်မိုးရာသီ ထွန်ယက်စိုက်ပျိုးနိုင်ခြင်းရှိမည်မဟုတ်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (ရသေ့တောင်) ဥက္ကဋ္ဌ ဦးအေးမောင်က နိရဥ္စရာသို့ ပြောသည်။

“ရွာတွေနဲ့ နီးနီးလေးတွေမှာ တပ်တွေရှိတယ်။ သူတို့ ဆုတ်ခွာပေးပြီး မိုင်းတွေကို ရှင်းလင်းပြီးမှ လယ်ထွန်ယက်လို့ရမယ်။ လယ်သမားမိသားစုတွေမှာ လယ်မထွန်ရတော့ စားဝတ်နေရေးကအစ အခက်ခဲဖြစ်ကြတာပေါ့” ဟု ပြောသည်။

၂၀၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာပေါင်း ၂၀ ကျော်မှ လယ်များ ထွန်ယက်စိုက်ပျိုးခြင်းမရှိသည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်၍ ယင်းကျေးရွာမှ လယ်သမားများအနေဖြင့် စားဝတ်နေရေး မပြေလည်မှုများဖြင့် ကြုံတွေ့ရကြောင်း သူကဆက်ပြောသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ လယ်ပိုင်ရှင် ဒေါ်စောညွန့်ဝင်းကလည်း “ကျွန်မတို့ရွာမှာ အိမ်တွေမီးရှို့ခံရတယ်၊ စစ်တပ်က ရွာထဲကိုဝင်ပြီး လူတွေကို စစ်ဆေးတယ်။ အဲဒါတွေကိုကြောက်ပြီး ထွက်ပြေးနေရတာ တစ်နှစ်ကျော်လောက်ရှိပြီပေါ့။ အဲဒီတော့ ရွာမှာ လယ်တွေ၊ နွားတွေ အကုန်လုံးကို ပစ်ထားခဲ့ရတာ။ လယ်လည်း မလုပ်နိုင်ဘူး။ ရွာကိုပြန်ခွင့်ရရင်တောင် မိုင်းမရှင်းဘဲ လယ်လုပ်လို့မရနိုင်ဘူး။ အခု ကျမတို့ ကျောက်တော်က ကဝိရတနာကျောင်းကယ်ဆယ်ရေးမှာ နေနေရတာပါ။ လယ်သမားမိသားစုတွေမို့ လယ်လည်းမလုပ်ရတော့ စားရေးသောက်ရေး အခက်ခဲလည်းရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (မြောက်ဦး) မှ ဥက္ကဋ္ဌ ဦးစိုးနိုင်ကလည်း မြောက်ဦးမြို့နယ်အတွင်း ကျေးရွာများအနီး တပ်မတော်စခန်း နေရာယူထားခြင်းများနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမည်ကိုစိုးရိမ်၍ ယခုနှစ် ထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်သည့် လယ်ဧက ၄၀၀၀ ဝန်းကျင်ရှိကြောင်း ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...