ရခိုင်ပြည်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများဖွင့်လှစ်ရန် ရက်နီးလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျောင်းမရောက်သေးသည့် ဆရာ/ဆရာမ ၂၄၁ ဦးရှိနေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းဆရာ/မများမှာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ မေလ ၃ ရက်နေ့ အရောက်လာရမည်ဟု ခေါ်ဆိုထားသော်လည်း လမ်းခရီးအခက်အခဲများနှင့် အဆက်အသွယ်မရနိုင်သေးသည့် ဆရာ/ဆရာမ ၂၄၁ ဦးရှိနေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။
“ကျောင်းမရောက်နိုင်သေးတဲ့ ဆရာ/ဆရာမတွေကတော့ ၂၄၁ ယောက်ရှိတယ်။ အဲဒီထဲမှာ ကလေးမွေးဖွားခွင့်၊ ကျန်းမာရေးအခက်အခဲကြောင့် ဆေးခွင့်၊ ခရီးလွန်နေတဲ့သူတွေလည်း ပါတယ်ပေါ့နော်။ အဆက်အသွယ်ပြတ်နေတဲ့ သူတွေလည်းရှိတယ်။ အဲဒီထဲမှာ မောင်တောက ၉၀ ကျော်ပါတယ်။ အခုကျောင်းမရောက်လာသေးတဲ့ ဆရာ/ဆရာမတွေကို အရေးယူဖို့မယူဖို့ဆိုတာကတော့ အထက်ကလည်း ညွန်ကြားချက်မထွက်သေးဘူး” ဟုဆိုသည်။
ကျောင်းများဖွင့်လှစ်ရန် စီစဉ်နေခြင်းမှာ ရခိုင်ပြည်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်ရန် ရုံးချုပ်က ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းကို မေလ ၃ ရက်နေ့အရောက်ဟု ညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်း ကျောင်းကို ပုံမှန်တက်ရောက်ပြီး ကျောင်းတက်/ကျောင်းဆင်း လက်မှတ်ထိုးရကြောင်း သံတွဲမြို့နယ်မှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးက DMG သို့ ပြောသည်။
“၃ ရက်နေ့အရောက်ဆိုပြီးတော့ ဆရာမတို့က ၃ ရက်နေ့ ကျောင်းကိုအရောက်လာခဲ့တာ ကျောင်းတက်/ကျောင်းဆင်းမှာ လက်မှတ်ထိုးရတယ်။ ပြီးတော့ ကျောင်းမှာလည်း ဘာမှလုပ်စရာမရှိဘူးလေ။ ၁ နာရီ ၂ နာရီလောက်နေတယ်ပေါ့နော်။ ပြီးလို့ရှိရင် ပြန်တယ်။ အဲ့လိုပဲ နေ့တိုင်းတက်နေရတာ။ ဘယ်နေ့ဘယ်ရက်ထိ တက်ရမယ်လို့ ပြောထားတာတော့ မရှိသေးဘူး။ ကျောင်းအုပ်ပြောတာကတော့ နောက်ထပ်ညွန်ကြားချက် မရှိမချင်း ဒီအတိုင်းတက်နေရမှာလို့ပြောတယ်” ဟုဆိုသည်။
မေလ ၃ ရက်နေ့မှစတင်ကာ ကျောင်းအရောက်လာရမည်ဟု အမိန့်စာထုတ်ပြန်ထားသော်လည်း ခရီးဝေးသည့်နယ်ဖက်မှ ဆရာ/ဆရာမများမှာ နေ့စဉ် ကျောင်းလာတက်ရန် လမ်းခရီးအခက်အခဲရှိသည့်အတွက် ကျောင်းပုံမှန်မတက်ရောက်သေးကြောင်း မင်းပြားမြို့နယ်မှ မူလတန်းပြဆရာမ ဒေါ်ဇင်မြတ်မွန်က ပြောသည်။
“မြို့ပေါ်က ဆရာ/မတွေအနေနဲ့ ကျောင်းသွားရန် အခက်အခဲမရှိပေမယ့် ကျမတို့လို နယ်ဖက်ကဆိုရင်တော့ လမ်းခရီးအခက်အခဲတွေ ရှိတယ်ပေါ့နော်။ နေ့တိုင်းမသွားနိုင်ဘူး။ တချို့ပြောသလို CDM လုပ်လို့ ကျောင်းမလာတာမဟုတ်ပါဘူး။ လမ်းခရီးအခက်အခဲနဲ့ မိသားစုကျန်းမာရေးအခက်အခဲကြောင့် ကျောင်းကို မလာဖြစ်တာပါ” ဟုဆိုသည်။
အခြေခံပညာကျောင်းများတွင် မေလ ၂၄ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများဖွင့်လှစ်သွားရန်အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူးကဆိုသည်။
မြန်မာနိုင်ငံမှ ကျောင်းများအားလုံး ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၂၁ ရက် မှ သြဂုတ်လ ၂၇ ရက်နေ့ထိ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းများဖွင့်လှစ်ခဲ့သော်လည်း သြဂုတ် ၂၈ ရက်နေ့တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် ကျောင်းများအားလုံးကို ပြန်လည်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တောင်ကုတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့မှုမြင်ကွင်း။







