ရခိုင်တွင် ကုန်ဈေးနှုန်းဆက်တက်နေ

ရခိုင်တွင် ကုန်ဈေးနှုန်းဆက်တက်နေ

မြန်မာနိုင်ငံအတွင်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိမှာ ကုန်ဈေးနှုန်း တစ်ရက်ထက်တစ်ရက် မြင့်တက်နေပြီး ယင်းအထဲမှာ စားသုံးကုန်ဈေးနှုန်းများသည် အဓိကမြင့်တက်နေဖြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ကြီးက ပြောပါသည်။

“အဓိကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ အဲဒါတွေကြောင့်ပေါ့။ လုံခြုံရေးအခြေအနေတွေ၊ နောက်ပြီး CDM လုပ်တာရှားမှုတွေလည်းရှိတယ်။ အဲဒါတွေကြောင့် ရန်ကုန်က လက်လီလက်ကားဖြန့်တဲ့ဆိုင်တွေ၊ ကုန်ပစ္စည်းထုတ်တဲ့စက်ရုံတွေ လုပ်ငန်းရပ်တန့်သွားတာတွေ ဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့ အခြေခံကုန်ဈေးနှုန်းတွေက ဈေးတက်ကုန်တာပေါ့” ဟု ဆိုသည်။

အခုလိုမျိုး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းသည် အဓိက နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ဆက်နွယ်နေပြီး နိုင်ငံရေးအားပြိုင်မှုကို အကြောင်းပြုပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်နေခြင်းကြောင့်ဟု ရခိုင်ပြည်နယ်ကုန်သည်များအသင်း ဥက္ကဌက ထောက်ပြသည်။

“စီးပွားရေးတွေ ရပ်သွားတယ်၊ နှေးကွေးသွားတယ်။ ကုန်စည်ပို့ဆောင်ရေးတွေလည်း မရပ်တန့်သွားပေမယ့် အများကြီးနှေးသွားတယ်။ ဒါတွေကြောင့် လူတွေရဲ့ ဝင်ငွေအပေါ်မှာ ထိခိုက်လာမယ်။ လူတွေ ဝင်ငွေအပေါ်မှာ ထိခိုက်လာရင်တော့ ဆင်းရဲမှုတွေ မြင့်တက်လာမှာပေါ့။ ဆင်းရဲမှုတွေ မြင့်လာနိုင်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေး၊ ဆေးဝါးကုသမှုတွေမှာလည်း လိုက်ပြီး ထိခိုက်လာနိုင်တယ်” ဟု ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုပါသည်။

မြန်မာနိုင်ငံအတွင်းက လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတွင်း လူပေါင်းသန်းနဲ့ချီကာ အငတ်ဘေးနဲ့ ကြုံလာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာက သတိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်ထိ ပြည်သူလူထု နေ့စဉ်စားသုံးကုန်ဖြစ်သော ဆန်ဈေးနှုန်းတွေ မြင့်တက်မှုရှိနေပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ်ငွေ (၄၃၀၀၀) အထိရှိကာ ဆီဈေးနှုန်းမှာလည်း ဟင်းသီဟင်းရွက်ဆီ ၁ လီတာတစ်ဗူး ကို (၂၅၀၀) နဲ့ ပဲဆီ (၁) လီတာ တစ်ဗူးကို (၄၅၀၀) ထိရှိတယ်လို့ စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၂) ရှိ ရွှေပြည့်ဝ ဆန်၊ ဆီ၊ ဆား သီးသန့်အရောင်းဆိုင်ကနေ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရန်ကုန်နဲ့ စစ်တွေကို အဓိကဆက်သွယ်ထားတဲ့ မင်းပြား၊ ရာမောင် မြစ်ကူးတံတားတည်ဆောက်နေဆဲဖြစ်သောကြောင့် ခရီသည်ကားများနှင့် ကုန်ကားများသည် ဇက်ရေယာဉ်နဲ့ မြစ်ကိုဖြတ်ကူးနေရခြင်းအတွက်ကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့ဖက်ကနေလာသော  ကားများသည် စစ်တွေကိုရောက်ရှိနိုင်ရေး အချိန်အားဖြင့် နှောင့်နှေးကြန့်ကြာမှုတွေကြောင့်လည်း ကုန်ဈေးနှုန်းများ မြင့်တက်မှုဖြစ်ပွားနေကာ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့်လည်း ကုန်းဈေးနှုန်းတွေမြင့်တက်လာသည်ဟု ကုန်သည်များက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်ကနေ နိုင်ငံတော်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ပြည်ပကနေပြီး လောင်စာဆီတင်သွင်းမှုများကို ကန့်သတ်ထားခဲ့သောကြောင့်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

မင်းပြားမြို့နယ်အတွင်းက ရာမောင်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်ဆက်စပ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ်၊ ဦးလှသိန်းကို ဆက်သွယ်ကြည့်ရာမှာ ရာမောင်မြစ်ကူးတံတား ဆောက်လုပ်ပြီးစီးမှုအခြေအနေကို မသိရသေးကြောင်းနဲ့ အပြင်သတင်းတွေအရတော့ တံတားတည်ဆောက်မှုပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်သည် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်း ဒေသတည်ငြိမ်မှု အတိုင်းအတာတစ်ခုထိရှိသည့် ပြည်နယ်တစ်ခုဖြစ်နေကာ လွန်ခဲ့သော (၂) နှစ်က စစ်တပ်နှင့် အေအေတို့ကြား စစ်ရေးပဋိပက္ခတွေဟာလည်း လက်ရှိမှာ ရပ်တန့်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသောကြောင့် အခြေခံလူတန်းစားအသိုင်းအဝိုင်းကြား ထိခိုက်နစ်နာမှုရှိသည်ဆိုခြင်းမှာ မှန်ကန်ကြောင်းနှင့် အခြေခံလူတန်းစားများမထိခိုက်အောင် ကုန်ဈေးနှုန်းမတက်ဖို့အတွက် ဒေသတည်ငြိမ်အေးချမ်းဖို့လိုကြောင်း ပြီးခဲ့သော ဧပြီလ ၁ ရက်နေ့က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက တိုက်တွန်းပြောဆိုဖူးသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းပြန်လည်တည်ငြိမ်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာများနေဖြင့် တိုင်ပင်ဆွေးနွေးမှုလုပ်သင့်ကြောင်း ရခိုင်ပြည်နယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ကြီးက တိုက်တွန်းပြောဆိုသည်။

ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့မှုမှာတော့ မြန်မာပြည်မနဲ့ ရန်ကုန်ကို အဓိကအားထားနေရပြီး လက်ရှိအချိန်မှာလည်း ပြည်မနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသတွင်း ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးမှာ နှောင့်နှေးကြန့်ကြာလျှက်ရှိကာ ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ကို တွေ့မြင်နေရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...