တက္ကသိုလ်ကျောင်းများ စတင်ဖွင့်လှစ်၊ စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၅၅ ဒဿမ ၆၂ ရာနှုန်းတက်ရောက်

တက္ကသိုလ်ကျောင်းများ စတင်ဖွင့်လှစ်၊ စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၅၅ ဒဿမ ၆၂ ရာနှုန်းတက်ရောက်

ယနေ့တွင် တစ်နိုင်ငံလုံး၌ရှိသော တက္ကသိုလ်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ စစ်တွေတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၅၅ ဒဿမ ၆၂ ရာခိုင်နှုန်း ကျောင်းတက်ခဲ့သည်ဟု စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဆရာတစ်ဦးက ပြောသည်။

စစ်တွေတက္ကသိုလ်၌ ယနေ့ဖွင့်လှစ်ခဲ့သည့်အတန်းများမှာ ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပဉ္စမနှစ် ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းတို့ဖြစ်ပြီး အဆိုပါအတန်းများတွင် ကျောင်းသား/ကျောင်းသူ ၉၁၇ ဦးရှိကြောင်း သူကပြောသည်။

“ဒီအတန်းတွေမှာ မှတ်ပုံတင်ထားတဲ့ ကျောင်းသား/ကျောင်းသူဦးရေက ၉၁၇ ဦးရှိပါတယ်။ ဒီနေ့ ကျောင်းလာတက်တာက ၅၁၀ ဦးရှိတဲ့ အတွက် စုစုပေါင်း တက်ရောက်တဲ့ ကျောင်းသားဦးရေက ၅၅ ဒဿမ ၆၂ ရာနှုန်းရှိပါတယ်” ဟု သူကပြောသည်။

ယနေ့ကျောင်းဖွင့်ရာတွင် အတန်းများအားလုံး ဖွင့်လှစ်ခြင်းမဟုတ်ဘဲ အတန်း (၆) ခုအတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“၅ လပိုင်း ဒီနေ့မှာ ကျောင်းတွေပြန်ဖွင့်ပါဆိုပြီးတော့ ကျနော်တို့ ပညာရေးဦးစီဌာနက ညွှန်ကြားချက်တွေရှိတယ်။ အဲဒါကြောင့် ကျနော်တို့ အတန်း ၆ တန်းကို သင်ကြားပို့ချမှာဖြစ်ပါတယ်” ဟုပြောသည်။

ယနေ့တက်ရောက်လာသည့် ကျောင်းသားများမှာ မေလ ၅ ရက် ယနေ့မှစပြီး ဇွန် ၁၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ဇွန်လ  ၂၂ ရက်နေ့တွင် စာမေးပွဲစစ်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုကာလသည် ကိုဗစ်ကာလဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာသင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယနေ့တွင် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကိုသာမက ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့ကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ရန်ရောက်ရှိလာသော နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက “ကျနော်တို့က ကျောင်းကို အရင်ပြီးချင်တဲ့အတွက် လာတက်တာပါ။ ပြီးတော့ နောက်ထပ် အလုပ်အကိုင်တွေ လျှောက်ထားလို့ရအောင် အဲဒါတွေကြောင့် လာတက်တာပါ။ အခုက ကျောင်းမပြီးသေးဘူးဆိုတော့ အလုပ်အကိုင်တွေ လျှောက်ရတာတွေလည်း အဆင်မပြေဘူး” ဟုပြောသည်။

ကျောင်းသားများသမဂ္ဂ နည်းပညာတက္ကသိုလ်မှ တွဲဖက်အတွင်းရေးမှူး (CEC) ကိုခိုင်စိုးလင်းက “ကျနော်တို့ကျောင်းမှာတော့ စာသင်ရမှာ မဟုတ်ဘူး။ နောက်ဆုံးနှစ်အတန်းက ကျမ်းတင်ရမှာဖြစ်တယ်။ ဒီနေ့မှာတော့ ကျောင်းသားတချို့ ရောက်လို့ရှိပါတယ်။ သူတို့ကတော့ ကျောင်းတက်ဖို့လာတာမျိုးတော့မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ လာတဲ့အခြေအနေပါ” ဟုပြောသည်။

တက္ကသိုလ်ကျောင်းများကို ၂၀၁၉ ခုနှစ် ၃ လပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ကြရပြီး ယနေ့တွင် ပြန်လည်၍ စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...