စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အသစ်ခန့်အပ်လိုက်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၃၇ ဦးထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးတို့မှာ ခန့်အပ်ခံရပြီးနောက် များမကြာမီ နှုတ်ထွက်စာတင်ထားကြကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည်ခန့်အပ်ရာတွင် ယခင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ ၇ ဦးနှင့် အသစ်ခန့်အပ်သူ ၃၀ ဦးတို့ပါဝင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် နှုတ်ထွက်စာတင်ထားသူ ၇ ဦးမှာ အသစ်ခန့်အပ်လိုက်သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများဖြစ်ကြပြီး ကျန်းမာရေးမကောင်းခြင်း၊ အသက်အရွယ်ကြီးခြင်း စသည့်အကြောင်းပြချက်များနှင့် တာဝန်မထမ်းဆောင်လိုကြောင်း နှုတ်ထွက်စာတင်ထားကြခြင်းဖြစ်သည်။
သာစည်အုပ်စုမှ နှုတ်ထွက်စာတင်ထားသည့် ဦးထွန်းယိုင်ကြီးက “ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ စာရေးမက ဖုန်းလှမ်းဆက်တယ်။ ဆိုတော့ကျနော်က ကျန်းမာရေးလည်းမကောင်းဘူး၊ အသက်ကလည်း ၆၅ နှစ်ရှိသွားပြီ၊ နောက် သွေးတိုးကလည်းရှိသေးတယ်၊ လုပ်လို့မဖြစ်ဘူး၊ အဆင်မပြေတာကြောင့် နှုတ်ထွက်ရတာဖြစ်တယ်” ဟု ပြောသည်။
ကျေးရွာအုပ်ချုပ်မှူးလုပ်ရန် အဆိုတင်သွင်းထားခြင်းမရှိဘဲ တိုက်ရိုက်ကျလာခြင်းဖြစ်ကြောင်းလည်း ဦးထွန်းယိုင်ကြီးကဆိုသည်။
အမ်းမြို့နယ်အတွင်းမှ ဒလက်၊ သာစည်၊ တပ်တောင် (၁)၊ တပ်တောင် (၂)၊ တပ်တောင် (၃)၊ မောအုပ်စုနှင့် စနဲအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများက ယင်းသို့ နှုတ်ထွက်စာတင်ထားကြခြင်းဖြစ်သည်။
လက်ရှိတွင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသည့် ရူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းမှာလည်း အဆိုတင်သွင်းထားခြင်းမရှိဘဲ ခန့်အပ်ခံရခြင်းဖြစ်ပြီး မိမိဒေသလိုအပ်ချက်ကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ကို လက်ခံလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ဒေသမှာက အုပ်ချုပ်ရေးမှူးမရှိလို့လည်း မဖြစ်နိုင်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်စုလုပ်မယ့်ဟာတွေ၊ ထောက်ခံစာတောင်းရမယ်ကိစ္စတွေ၊ ကိုယ့်နေရာဒေသက ဖွံ့ဖြိုးရေးအပိုင်းဆိုရင်လည်း လုပ်ရတာကို၊ အဲဒါကြောင့် ပြည်သူလူထုကောင်းစားဖို့အတွက်၊ တစ်ဖက်တစ်လမ်းကဖွံ့ဖြိုးဖို့ ဒေသခံတွေနဲ့တိုင်ပင်ပြီးတော့ လုပ်ရတာဖြစ်ပါတယ်” ဟု ဆိုသည်။
အမ်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ခန့်လိုက်သည့် အုပ်ချုပ်ရေးမှူးအများစုမှာ တပ်မတော်ထောက်ခံသူများနှင့် တပ်မှ အငြိမ်းစားယူထားသူများဖြစ်နေသည့်အတွက် ဒေသခံများအနေဖြင့် ယုံကြည့်မှုအားနည်းနေကြောင်း အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။
“စစ်တပ်က By name နဲ့ ခန့်တာကြောင့် ဒေသခံတွေ ယုံကြည်မှုအားနည်းတဲ့ဖက်ရောက်နေတယ်လို့ ပြောလို့ရတယ်။ ယုံကြည့်မှုအားနည်းတယ်ဆိုတာကလည်း တပ်မတော်အငြိမ်းစားတွေ၊ ပြည်ခိုင်ဖြိုးအမာခံတွေပါတယ်။ ဒေသခံတွေ မယုံကြည့်ရတဲ့လူတွေပါလာတယ်” ဟု ၎င်းကဆိုသည်။
အသစ်ခန့်အပ်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်စာတင်ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။







